01တရားဝင် နိုင်ငံတော်အမည်
ကိုရီးယားသမ္မတနိုင်ငံ(Republic of Korea), အတိုကောက်အနေဖြင့် ‘ကိုရီးယား(Korea)’ဟုလည်း ခေါ်တွင်သည်။
02တည်နေရာနှင့် အကျယ်အဝန်း
အာရှတိုက် အရှေ့မြောက်ဘက် ကိုရီးယားကျွန်းဆွယ်တွင် တည်ရှိပြီး၊ တောင်ကိုရီးယားနိုင်ငံ၏ အကျယ်အဝန်းသည် 100,188.1km² ဖြစ်ပြီး၊ ကိုရီးယားကျွန်းဆွယ်နှင့် ဆက်စပ်ကျွန်းများ အပါအဝင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား စုစုပေါင်း အကျယ်အဝန်းဖြစ်သည့် 221,000km² ၏ 45% ဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်၏ အကျယ်အဝန်းသည် ကမ္ဘောဒီးယား(181,035km²)ထက် အနည်းငယ် ပိုကျယ်ပြီး၊ ဖိလစ်ပိုင်(300,000km²), ဗီယက်နမ်(331,210 km²), ဂျပန်(377,915km²)နိုင်ငံ၏ 2/3 ခန့် ကျယ်ဝန်းသည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ပေါင်းထားသည့် ကိုရီးယားကျွန်းဆွယ်သည် အမ်းနို့မြစ်ကို နယ်နိမိတ်ခြားပြီး အနောက်မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့မြောက်ဘက်တွင်မူ ဒူမန်းမြစ်ကို နယ်နိမိတ်ခြားပြီး တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့နှင့် ထိစပ်နေသည်။ ကိုရီးယားနိုင်ငံ၏ အရပ်မျက်နှာ 3ဖက်လုံးသည် ပင်လယ်များဖြစ်ပြီး အနောက်ဘက်တွင် ပင်လယ်ဝါ၊ အရှေ့ဘက်တွင် အရှေ့ပင်လယ်၊ တောင်ဘက်တွင် တောင်ပင်လယ်တို့က ဝန်းရံထားသည်။ ကိုရီးယားကျွန်းဆွယ်၏ တောင်ဘက်ပိုင်းနှင့် အနောက်ဘက်ပိုင်းသည် အများအားဖြင့် မြေပြန့်ဖြစ်ပြီး၊ အရှေ့ဘက်ပိုင်းနှင့် မြောက်ဘက်ပိုင်းသည် တောင်တန်းမြေဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်တွင် အမြင့်ဆုံးတောင်သည် ဘဲ့ဒူဆန်(2,744m)ဖြစ်သည်။ မြောက်ဘက်ပိုင်း၏ ဂယ်မာကုန်းပြင်မြင့်ကို ‘ကိုရီးယား၏ ခေါင်မိုး’ ဟု ခေါ်တွင်ပြီး၊ ကျွန်းဆွယ်၏ အရှေ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ တောင်တန်းဖြစ်သည့် ထယ်ဘဲ့တောင်တန်းအား ဘဲ့ဒူဒယ်ဂန်းဟု ခေါ်တွင်သည်။
နာမည်ကြီးသည့် ကျွန်းများမှာ ဂျယ်ဂျူဒို၊ ဂေါ်ဂျယ်ဒို၊ ဂျင်းဒို၊ အူးလွန်းဒို စသည်တို့ ဖြစ်ပြီး၊ ဂျယ်ဂျူဒိုနှင့် အူးလွန်းဒိုသည် မီးတောင်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော ကျွန်းများဖြစ်ကြသည်။ ပင်လယ်ဝါကမ်းရိုးတန်းနှင့် တောင်ပင်လယ်ကမ်းရိုးတန်းကတော့ ria ပုံစံ ကမ်းရိုးတန်းဖြစ်ပြီး၊ ဒီရေအတက်အကျ ကွာခြားချက် မြင့်မားသည်။(အကိုးအကား - မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန)
03နိုင်ငံတော်အလံ(ကိုရီးယားနိုင်ငံတော်အလံ)
- < ကိုရီးယားနိုင်ငံတော်အလံ >
ကိုရီးယားနိုင်ငံတော်အလံ တေးဂွတ်ကီး (Taegeukgi) တွင် အဖြူရောင်နောက်ခံ၊ အလယ်တွင် တေးဂွတ် (Taegeuk) သင်္ကေတနှင့် ထောင့်တစ်ထောင့်စီတွင် သင်္ကေတသုံးခုပါ စာလုံးများဖြစ်သည့် ဂေါင် (Geon)၊ ဂွန် (Gon)၊ ဂမ် (Gam) နှင့် ရီ (Ri) (☰၊ ☷၊ ☵၊ ☲) တို့ ပါဝင်ပါသည်။တေးဂွတ်ကီး၏ အဖြူရောင်နောက်ခံသည် တောက်ပမှုနှင့် သန့်စင်မှုတို့အပြင် အစဉ်အလာအရ ကိုရီးယားလူမျိုးများ၏ ငြိမ်းချမ်းရေးကို မြတ်နိုးသော အမျိုးသားစရိုက်လက္ခဏာကို ကိုယ်စားပြုပါသည်။ အလယ်ရှိ တေးဂွတ်သင်္ကေတသည် ယင် (အပြာ) နှင့် ယန် (အနီ) မျှတမှုကို သင်္ကေတရေးဆွဲထားခြင်းဖြစ်ပြီး စကြဝဠာအတွင်းရှိ အရာအားလုံးကို ယင်နှင့်ယန် ပြန်လှန်တုံ့ပြန်မှုမှတစ်ဆင့် ဖန်တီးတည်ဆောက်ထားခြင်းဟူသော သဘာဝ အမှန်တရားကို ကိုယ်စားပြုနေပါသည်။ ထောင့်များရှိ သင်္ကေတသုံးခုပါ စာလုံးလေးခုတွင် မျဉ်းကြောင်းအတိုနှင့်အရှည်များ ပေါင်းစပ်ထားမှုများက ယင်နှင့်ယန်တို့၏ အသွင်ပြောင်းလဲပုံနှင့် အပြန်အလှန် တည်ဆောက်ပုံတို့ကို ပြသပါသည်။ ဂေါင် (☰) သည် စကြဝဠာအတွင်းရှိ အရာအားလုံးအနက် ကောင်းကင်ကို ဖော်ပြပြီး ဂွန် (☷) သည် မြေကြီး၊ ဂမ် (☵) သည် ရေနှင့် ရီသည် (☲) မီးတို့ကို ဖော်ပြပါသည်။ ဤသင်္ကေတသုံးခုပါ စာလုံးလေးလုံးသည် အလယ်ရှိ တေးဂွတ်နှင့် ညီညွတ်ကာ သဟဇာတ ဖြစ်ကြပါသည်။ ဤနည်းဖြင့် ရှေးခေတ်ကာလများကတည်းက ကိုရီးယားလူမျိုးများ၏ နေ့စဉ်ဘဝတွင် အသုံးပြုလေ့ရှိကြသော တေးဂွတ်သင်္ကေတ ပတ်လည်တွင် တေးဂွတ်ကီးကို ဗဟိုပြုထားကာ စကြဝဠာနှင့် အတူတကွဖြစ်ပြီး တီထွင်ဖန်တီးမှုနှင့် ကြွယ်ဝပြည့်စုံမှုတို့ကို အဆုံးမရှိ ရှာဖွေကြသော ကိုရီးယားလူမျိုးများ၏ စံသတ်မှတ်ချက်များကို သရုပ်ဖော်ထားပါသည်။ (ရင်းမြစ် - ပြည်တွင်းရေးနှင့် ဘေးကင်းရေး ဝန်ကြီးဌာန (Ministry of Interior and Safety))
04နိုင်ငံတော်ကိုယ်စားပြုပန်း(မူဂွန်းဟွာ)
ရှေးယခင်ကတည်းက ကိုရီးယားလူမျိုးများ၏ ချစ်မြတ်နိုးခြင်းခံခဲ့ရသည့် မူဂွန်းဟွာပန်း(無窮花)သည် ကိုရီးယားနိုင်ငံအား ကိုယ်စားပြုသည့် ပန်းအဖြစ် ‘ထာဝရ ပွင့်လန်းပြီး၊ ပွင့်ပြီးနောက် မကြွေသောပန်း’ဟူသည့် အဓိပ္ပါယ်ကို ဆောင်ပါသည်။ ရှေးမှတ်တမ်းများတွင် ကိုရီးယားလူမျိုးများသည် မူဂွန်းဟွာပန်းကို ရှေးဂျိုဆောင်ခေတ် မတိုင်ခင်ကတည်းကစပြီး ကောင်းကင်ဘုံ၏ ပန်းအဖြစ် တန်ဖိုးထားခဲ့ကြပြီး၊ ရှီလာခေတ်တွင်မူ နိုင်ငံအမည်ကို ‘ဂွန်းဟွာဟရန်း(槿花鄕 : မူဂွန်းဟွာနိုင်ငံ)’ ဟု ခေါ်တွင်စေခဲ့ပါသည်။ တရုတ်နိုင်ငံတွင်မူ ကိုရီးယားနိုင်ငံကို ယခင်ကတည်းကစပြီး “မူဂွန်းဟွာပန်းများ ပွင့်ပြီးကြွေသော အမျိုးကောင်းသားတို့ တိုင်းပြည်” ဟူ၍ တင်စားခေါ်ဆိုခဲ့ပါသည်။
- < ဆွန်းလျဲမွန်း >
- < ဆိုးလ်မြို့ ရှုခင်း >
ထိုကဲ့သို့ အချိန်ကြာမြင့်စွာ ကိုရီးယားပြည်သူများနှင့်အတူ ယှဉ်တွဲလာခဲ့သည့် မူဂွန်းဟွာ ပန်းသည် ဂျိုဆောင်ခေတ်နှောင်းပိုင်း ခေတ်မီနိုင်ငံတော်အဖြစ် ပြောင်းလဲသည့် ကာလတွင် “မူဂွန်းဟွာပန်းများ တောတောင်ရေမြေအဆုံး တစ်နိုင်ငံလုံးကို လွှမ်းခြုံစေ”ဆိုသည့် သီချင်းစာသားသည် နိုင်ငံတော်သီချင်းတွင် ပါပြီးနောက် ပြည်သူများ၏ ချစ်မြတ်နိုးမှုကို ပိုမိုရရှိခဲ့ပါသည်။ ထိုသို့သော မူဂွန်းဟွာပန်းနှင့် ပတ်သက်ပြီး ကိုရီးယားပြည်သူများ၏ မပြောင်းလဲသော ချစ်ခြင်းမေတ္တာများသည် ဂျပန်ခေတ်တိုင်အောင် မပျောက်ပြယ်ဘဲ လွတ်လပ်ရေးရပြီးနောက်တွင်မူ မူဂွန်းဟွာပန်းကို နိုင်ငံတော်ကိုယ်စားပြုပန်း(國花)အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ (အကိုးအကား :ပြည်သူ့အုပ်ချုပ်ရေးနှင့်လုံခြုံရေးဝန်ကြီးဌာန)
05နိုင်ငံတော်သီချင်း
ယနေ့ခေတ် သီဆိုနေကြသည့် နိုင်ငံတော်သီချင်း စာသားသည် ပြည်ပနိုင်ငံများ၏ ကျူးကျော်မှုကြောင့် နိုင်ငံ ဒုက္ခကြုံခဲ့ရသည့် 1907ခုနှစ် ဝန်းကျင်တွင် နိုင်ငံချစ်စိတ်နှင့် သစ္စာစောင့်သိမှု၊ လွတ်လပ်မှုကို မြတ်နိုးသောစိတ်တို့ကို လှုံ့ဆော်ရန်အတွက် ဖန်တီးခဲ့ခြင်းဖြစ်ပြီး၊ 1948ခုနှစ် ကိုရီးယားသမ္မတနိုင်ငံအစိုးရ ဖွဲ့စည်းပြီးနောက် လက်ရှိ သီဆိုနေကြသည့် သီချင်းစာသားအတိုင်း ဆရာ အန်အိထယ်မှ 1935ခုနှစ်တွင် ရေးသားဖန်တီးခဲ့သည့် နိုင်ငံတော်သီချင်းကို အစိုးရ၏ တရားဝင် ပွဲအခမ်းအနားများတွင် အသုံးပြုခဲ့ပါသည်။
ထို့နောက် အတန်းတိုင်း၏ ကျောင်းဖတ်စာအုပ်များတွင် ထည့်သွင်းဖော်ပြခဲ့ပြီးနောက် တစ်နိုင်ငံလုံး နှစ်ခြိုက်စွာ စတင်သီဆိုခဲ့ကြပြီး၊ ယနေ့အချိန်ထိ ကိုရီးယားပြည်သူများမှ နိုင်ငံတော်သီချင်း(國歌)အဖြစ် သီဆိုလျက်ရှိကြပြီး၊ ကမ္ဘာ့နိုင်ငံအသီးသီးမှလည်း ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံတော်သီချင်းဟု သိထားကြပါသည်။
06လူဦးရေ
ကိုရီးယားနိုင်ငံ၏ စုစုပေါင်းလူဦးရေသည် 51,780,579ဦး(2020ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူချက်၊ စာရင်းအင်းဦးစီးဌာန)ရှိကာ ကမ္ဘာ့အဆင့် 28ဆင့်ဖြစ်ပြီး၊ လူဦးရေထူထပ်မှုအနေဖြင့် 516ဦး/㎢(မြေယာဝန်ကြီးဌာန ကွက်စိပ်မြေတိုင်းစာရင်း နှစ်ချုပ်အစီရင်ခံစာ၊ စာရင်းအင်းဦးစီးဌာန ရှေ့ပြေးလူဦးရေစာရင်းခန့်မှန်းချက်)ရှိကာ ကမ္ဘာ့အဆင့် 23ဆင့် ဖြစ်သည်။
07စီးပွားရေး
ကိုရီးယားနိုင်ငံ၏ GDPသည် ဒေါ်လာ 1.6732ထရီလီယံဖြစ်ပြီး ကမ္ဘာ့အဆင့် 13ရှိကာ တစ်ဦးချင်း GDPမှာ ဒေါ်လာ 34,409.9ဖြစ်ပါသည်(2022ခုနှစ် ကိုရီးယားဘဏ်)။
08အစိုးရဖွဲ့စည်းပုံ
ကိုရီးယားနိုင်ငံသည် သမ္မတစနစ် ကျင့်သုံးနေသော နိုင်ငံဖြစ်ပြီး၊ သမ္မတသည် အစိုးရတစ်ရပ်၏ အမြင့်ဆုံးရာထူးခံအနေနှင့် ဥပဒေအရ ဗဟိုအုပ်ချုပ်ရေးဌာန အားလုံးရှိ အကြီးအကဲများကို ညွှန်ကြားကြပ်မတ်ရသည်။ ဝန်ကြီးချုပ်သည် သမ္မတ၏ ညွှန်ကြားချက်အတိုင်း ဗဟိုအုပ်ချုပ်ရေးဌာန တစ်ခုချင်းစီ၏ အကြီးအကဲများကို ကြီးကြပ်ကွပ်ကဲရသည်။ အောက်ပါ ဖွဲ့စည်းပုံဇယားတွင် ပြထားသည့်အတိုင်း ကိုရီးယားနိုင်ငံ၏ အစိုးရအဖွဲ့ ဖွဲ့စည်းပုံမှာ ဝန်ကြီးဌာန 19ခု၊ ဌာန 3ခု၊ ဦးစီးဌာန(ရုံး) အခု 20၊ ကော်မတီ 6ခုဖြင့် ဖွဲ့စည်းထားသည်။(2024.6.27.ရက်စွဲဖြင့်) ၎င်းတို့ထဲမှ အုပ်ချုပ်ရေးဝန်ကြီးဌာန 19ခုတို့သည် အောက်ပါ လုပ်ငန်းတာဝန်များကို ယူထားပါသည်။
- 1စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ရေတိုရေရှည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဗျူဟာများ ရေးဆွဲခြင်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးမူဝါဒများ ရေးဆွဲစီမံခြင်း၊ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဘတ်ဂျက်နှင့်ရန်ပုံငွေ ပြင်ဆင်အကောင်အထည်ဖော်ခြင်းနှင့် စွမ်းဆောင်ရည် စီမံခန့်ခွဲခြင်း၊ ငွေကြေး၊ နိုင်ငံခြားငွေ၊ နိုင်ငံတော်ဘဏ္ဍာရေး၊ အစိုးရစာရင်းအင်း၊ ပြည်တွင်းအခွန်စနစ်၊ အကောက်ခွန်၊ နိုင်ငံတကာငွေရေးကြေးရေး၊ အစိုးရဌာနများ စီမံခန့်ခွဲ့မှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတော်ပိုင်ဆိုင်မှု၊ ပြည်သူ့ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတော်ကြွေးမှီးနှင့် သက်ဆိုင်သည့် ရုံးလုပ်ငန်းများကို ဆောင်ရွက်ရပါသည်။
- 2ပညာရေးဝန်ကြီးဌာနသည် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ၊ မွေးကင်းစနှင့် ကလေးငယ်များ ပြုစုစောင့်ရှောက်ရေးနှင့် သင်ကြားပေးရေးဆောင်ရွက်ခြင်း၊ ကျောင်းပညာရေးနှင့် ဘဝတစ်သက်တာပညာရေး၊ ပညာရပ်နှင့် သက်ဆိုင်သော လုပ်ငန်းများကို ဆောင်ရွက်ရပါသည်။
- 3သိပ္ပံနည်းပညာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် သိပ္ပံနည်းပညာမူဝါဒများ ရေးဆွဲစီမံညှိနှိုင်းအကဲဖြတ်ခြင်း၊ သိပ္ပံနည်းပညာဆိုင်ရာ သုတေသနပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ မြှင့်တင်ခြင်း၊ သိပ္ပံနည်းပညာပိုင်းဆိုင်ရာ လူရည်ချွန်များ ပျိုးထောင်ခြင်း၊ နျူကလီးယားစွမ်းအင် သုတေသနပြုခြင်း၊ တိုးတက်အောင်လုပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်း၊ နိုင်ငံတော်အိုင်စီတီ စီမံကိန်းများ ရေးဆွဲခြင်း၊ အချက်အလက်များ ထိန်းသိမ်းခြင်း၊ သတင်းအချက်အလက်ယဉ်ကျေးမှု၊ ရုပ်သံလွှင့်ခြင်း၊ ဆက်သွယ်ရေးတို့ ပေါင်းစည်းမြှင့်တင်ခြင်းနှင့် ရေဒီယိုလှိုင်း စီမံခန့်ခွဲမှု၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးလုပ်ငန်း၊ စာတိုက်၊ စာတိုက်မှတစ်ဆင့် ငွေလွှဲပို့ခြင်းနှင့် စာတိုက်အစားထိုးလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။
- 4နိုင်ငံခြားရေးဝန်ကြီးဌာနသည် သံတမန်ရေးရာများ၊ စီးပွားရေး သံတမန်ခင်းခြင်းနှင့် နိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သံတမန်ခင်းခြင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရေးဆိုင်ရာ တာဝန်များဖြစ်သည့် ညှိနှိုင်းခြင်း၊ သဘောတူစာချုပ်များ ချုပ်ဆိုခြင်း၊ အခြားသော အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များ၊ ပြည်ပရောက် ကိုရီးယားနိုင်ငံသားများအား အကာအကွယ်ပေးခြင်း၊ ကူညီခြင်း၊ ပြည်ပရောက် ကိုရီးယားလူမျိုးများအတွက် မူဝါဒများ ရေးဆွဲချမှတ်ခြင်း၊ နိုင်ငံတကာအခြေအနေများ လေ့လာခြင်း၊ စီစစ်ခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။
- 5တောင်နှင့်မြောက်ပေါင်းစည်းရေးဝန်ကြီးဌာနသည် ပေါင်းစည်းရေးနှင့် တောင်နှင့်မြောက် ဆက်ဆံရေး၊ ကူးလူးဆက်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မူဝါဒများ ရေးဆွဲချမှတ်ခြင်း၊ ပေါင်းစည်းရေးဆိုင်ရာ ပညာပေးခြင်းတို့အပြင် အခြားသော ပေါင်းစည်းရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။
- 6တရားရေးဝန်ကြီးဌာနသည် တရားရေးရာများ၊ ပြစ်ဒဏ်ပေးခြင်း၊ လူ့အခွင့်အရေးကာကွယ်မှုများ၊ လူဝင်မှုကြီးကြပ်ရေးအပြင် အခြားသော တရားရေးဆိုင်ရာ လုပ်ငန်းဝာာဝန်များကို ဆောင်ရွက်ရပါသည်။
- 7နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်ကာကွယ်ရေးနှင့် သက်ဆိုင်သော စစ်အုပ်ချုပ်ရေးပိုင်းနှင့် စစ်မိန့်အပြင် အခြားသော စစ်ဖက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။
- 8အုပ်ချုပ်ရေးနှင့်လုံခြုံရေးဝန်ကြီးဌာနသည် နိုင်ငံ့ရေးရာအစည်းအဝေးများ စီစဉ်ခြင်း၊ ဥပဒေနှင့် သဘောတူညီချက်များ ထုတ်ပြန်ခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းပုံနှင့် လူအရေအတွက်၊ ဆုတံဆိပ်၊ အစိုးရအဖွဲ့ဆန်းသစ်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးဆိုင်ရာထိရောက်မှု၊ e-government၊ အစိုးရအဆောက်အအုံများ ထိန်းသိမ်းမှု၊ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်စနစ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ ရုံးလုပ်ငန်း အထောက်အပံ့များ၊ ဘဏ္ဍာရေး၊ အခွန်စနစ်၊ မဖွံ့ဖြိုးသေးသောဒေသ စသည်တို့အား ထောက်ပံ့ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကြား ပဋိပက္ခများ ညှိနှိုင်းခြင်းနှင့် ရွေးကောက်ပွဲနှင့် ပြည်သူ့ မဲပေးခြင်းဆိုင်ရာ အထောက်အပံ့များ၊ လုံခြုံရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ညှိနှိုင်းခြင်း၊ အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ အရပ်သားကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။
- 9နိုင်ငံတော်ကျေးဇူးတုံ့ပြန်ရေးဝန်ကြီးဌာန ဝန်ကြီးသည် နိုင်ငံအပေါ် အကျိုးပြုခဲ့သူများနှင့် ၎င်း၏ ကျန်ရစ်သူ မိသားစုများအား ကျေးဇူးဆပ်ခြင်း၊ စစ်မှုထမ်းဟောင်းများအား ချီးမြှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်း၊ နိုင်ငံတော်အတွက် အကျိုးပြုခဲ့သူများအား အားပေးမြှင့်တင်ရေးမူဝါဒဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။
- 10ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားဝန်ကြီးဌာနသည် ယဉ်ကျေးမှု၊ အနုပညာ၊ ဗွီဒီယို၊ ကြော်ငြာ၊ ပုံနှိပ်ထုတ်ဝေမှု၊ စာစောင်များ၊ အားကစားနှင့် ခရီးသွားလုပ်ငန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးလုပ်ငန်းဆိုင်ရာ ကြေညာခြင်းများ၊ အစိုးရ ထုတ်ပြန်ချက်များနှင့်သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။
- 11လယ်ယာသစ်တော၊ မွေးမြူရေးနှင့် စားသောက်ကုန်ဝန်ကြီးဌာနသည် လယ်ယာထွက်ကုန်၊ မွေးမြူရေးထွက်ကုန်၊ စားနပ်ရိက္ခာ၊ လယ်ယာမြေ၊ ရေထိန်းသိမ်းရေး၊ စားသောက်ကုန်လုပ်ငန်းအဆင့် မြှင့်တင်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာထွက်ကုန် ဖြန့်ဖြူးရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။
- 12စက်မှု၊ ကုန်သွယ်ရေးနှင့် သယံဇာတဝန်ကြီးဌာနသည် ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်ခြင်း၊ ကုန်ကူးခြင်း၊ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ၎င်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ စီမံခန့်ခွဲမှုခြင်းနှင့် ညှိနှိုင်းဆောင်ရွက်မှုများ၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု၊ အလတ်စားလုပ်ငန်းများ၊ စက်မှုနည်းပညာ R&D မူဝါဒများ၊ စွမ်းအင်နှင့် မြေအောက်သယံဇာတများနှင့် သက်ဆိုင်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။
- 13ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် နေထိုင်မှုဆိုင်ရာ စောင့်ရှောက်မှုများ၊ ကိုယ့်အားကိုယ်ကိုးနိုင်ရန် ကူညီထောက်ပံ့မှုများ၊ လူမှုဆိုင်ရာ အာမခံချက်များ၊ ကလေးသူငယ်(မွေးကင်းစ၊ ကလေးငယ်များ စောင့်ရှောက်ခြင်း မပါဝင်ပါ)၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ လူမှုဖူလုံကျန်းမာရေး၊ ရောဂါကူးစက်မှု ကာကွယ်ရေး၊ ဆေးကူသမှုဆိုင်ရာ မူဝါဒများ၊ ဆေးဝါးဆိုင်ရာ မူဝါဒများနှင့် သက်ဆိုင်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။
- 14သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနသည် သဘာဝပတ်ဝန်းကျင်၊ လူနေမှုပတ်ဝန်းကျင် ထိန်းသိမ်းရေး ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု တားဆီးရေး၊ ရေသယံဇာတများ ထိန်းသိမ်းရေးနှင့် အသုံးပြုရေး၊ မြှင့်တင်ရေးနှင့် မြစ်ချောင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။
- 15အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာနသည် အလုပ်ခန့်ထားရေး မူဝါဒများ ဦးစီးချမှတ်ခြင်း၊ အလုပ်ခန့်ထားခြင်းဆိုင်ရာ အာမခံများ၊ အလုပ်အကိုင် အရည်အသွေး မြှင့်တင်ရေး သင်တန်းများ၊ လုပ်ငန်းခွင်အခြေအနေများ၏ စံနှုန်းများ၊ အလုပ်သမားများ၏ လူမှုဖူလုံရေး၊ အလုပ်ရှင်နှင့် အလုပ်သမားကြား ညှိနှိုင်းမှုများ၊ လုပ်ငန်းခွင်ဘေးကင်းရေးနှင့် ကျန်းမာရေး၊ လုပ်ငန်းခွင် ထိခိုက်မှုဆိုင်ရာ လျော်ကြေးနှင့် အာမခံအပြင် အလုပ်ခန့်ထားရေးနှင့် လုပ်အားဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရပါသည်။
- 16အမျိုးသမီးနှင့် မိသားစုရေးရာဝန်ကြီးဌာနသည် အမျိုးသမီးဆိုင်ရာ မူဝါဒများ ရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်း၊ အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ ထိန်းသိမ်းမြှင့်တင်ခြင်း စသည့် အဆင့်မြှင့်တင်ခြင်း၊ လူငယ်နှင့်မိသားစု(နိုင်ငံခြားသွေးနှောမိသားစုနှင့် ကျန်းမာပျော်ရွှင်မိသားစုကမ္ဘာ ပရောဂျက်အတွက် ကလေးသူငယ်ဆိုင်ရာ လုပ်ငန်းတာဝန်များ ပါဝင်သည်)ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။
- 17မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနသည် နိုင်ငံတော် မြေယာအထွေထွေစီမံကိန်းများ ရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်း၊ မြေယာများ ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းနှင့် အဆင့်မြှင့်တင်ရေး၊ မြို့၊ လမ်းတံတားနှင့် အိမ်ရာများ ဆောက်လုပ်ခြင်း၊ ကမ်းရိုးတန်းနှင့် ပင်လယ်မြေဖို့ခြင်း၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၊ ရထားလမ်းနှင့် လေကြောင်းလမ်းဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။
- 18ပင်လယ်ရေထွက်ကုန်ပစ္စည်းဝန်ကြီးဌာနသည် ပင်လယ်နှင့်ဆိုင်သော မူဝါဒများ၊ ရေထွက်ကုန်ပစ္စည်းများ၊ တံငါရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေထွက်ကုန် ဖြန့်ဖြူးရေး၊ ရေလမ်းကြောင်း သယ်ယူပို့ဆောင်ရေး၊ သင်္ဘောဆိပ်၊ ပင်လယ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပင်လယ် စစ်ဆေးမှု၊ ပင်လယ်ရေထွက်ကုန် သယံဇာတများ ဖော်ထုတ်ခြင်း၊ ပင်လယ်သိပ္ပံနည်းပညာ R&Dနှင့် ပင်လယ်လုံခြုံရေးဆိုင်ရာ တရားစီရင်ရေးနှင့် သက်ဆိုင်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။
- 19အသေးစား၊အလတ်စားနှင့် ပေါ်ထွန်းစစီးပွားရေးကဏ္ဍဝန်ကြီးဌာနသည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(SMEs)ဆိုင်ရာ မူဝါဒများ ရေးဆွဲ၊ စီမံခန့်ခွဲခြင်း၊ ၎င်းလုပ်ငန်းများအား အကာအကွယ်ပေးခြင်း၊ ပံ့ပိုးပေးခြင်း၊ ပေါ်ထွန်းစစီးပွားရေးလုပ်ငန်းများ(startups)အား ပံ့ပိုးခြင်း၊ အကြီးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များအား ကာကွယ်ပေးခြင်း၊ ပံ့ပိုးပေးခြင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရပါသည်။
09ဒေသဆိုင်ရာ အုပ်ချုပ်ရေးဒေသများ
ကိုရီးယားနိုင်ငံ၏ ဒေသများကို မြို့ပြကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ 17ခုနှင့် ဒေသန္တရ အုပ်ချုပ်ရေးဒေသ 226ခုဟူ၍ ခွဲထားပါသည်။ မြို့ပြကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှာ အထူးမြို့တော် 1ခု၊ မြို့ကြီး 6ခု၊ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့ 1ခု၊ ပြည်နယ် 6ခု၊ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် 3ခုတို့ ဖြစ်သည်။ ဒေသန္တရ အုပ်ချုပ်ရေးဒေသများမှာ မြို့ 75ခု၊ ခရိုင် 82ခု၊ မြို့နယ် 69ခု ရှိပြီး၊ ဒေသန္တရ အုပ်ချုပ်ရေးဒေသအသီးသီး၏ လက်အောက်ခံရုံးများဖြစ်သော ခရိုင်၊ မြို့နယ်၊ ရပ်ကွက် စုစုပေါင်း 3,491ခု ရှိပါသည်။ (2023ခုနှစ် 12လပိုင်း 31ရက်နေ့ နေ့စွဲဖြင့်)
지방행정구역 : 특별시, 광역시, 특별자치시, 도 및 특별자치도를 포함한 표입니다. အထူးမြို့တော် | မြို့ကြီးများ | အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့များ | ဒို(ပြည်နယ်) | အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်များ |
1. ဆိုးလ်အထူးမြို့တော် | 2. ဘူဆန်မြို့ 3. ဒယ်ဂူမြို့ 4. အင်ချွန်းမြို့ 5. ဂွမ်းဂျူမြို့ 6. ဒယ်ဂျောင်းမြို့ 7. အူးလ်ဆန်မြို့ | 8.ဆယ်ဂျုံးအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့ | 9. ဂယောင်ဂီဒို 10. ချွန်းချောင်းဘုဒို 11. ချွန်းချောင်းနမ်းဒို 12. ဂျော်လာနမ်းဒို 13. ဂယောင်ဆန်းဘုဒို 14. ဂယောင်ဆန်းနမ်းဒို | 15. ဂန်းဝန်းအထူးအုပ်ချုပ်ခွင့်ရပြည်နယ် 16. ဂျောင်းဘုအထူးအုပ်ချုပ်ခွင့်ရပြည်နယ် 17. ဂျယ်ဂျူအထူးအုပ်ချုပ်ခွင့်ရပြည်နယ် |
ကိုရီးယားသမ္မတနိုင်ငံမြေပုံ
- အထက်ပါ ကိုရီးယားနိုင်ငံမြေပုံသည် 1:1,200,000 အချိုးဖြင့် မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန နိုင်ငံတော်မြေယာပထဝီအချက်အလက်ဌာနမှ ပြုလုပ်ထားခြင်းဖြစ်ပြီး၊ အသေးစိတ်အချက်အလက်ကို အင်တာနက်(http://map.ngii.go.kr>နေရာအချက်အလက်> မြေပုံအချက်အလက်>ကိုရီးယားသမ္မတနိုင်ငံနှင့် ကမ္ဘာ့မြေပုံ)တွင် ကြည့်ရှုနိုင်ပါသည်။