ဒါနူရီကောလ်စင်တာ
1577-1366
မိသားစုဆွေးနွေးမှုဖုန်းနံပါတ်
1644-6621
한국생활안내 정보더하기 사이트로 이동

နိုင်ငံခြားသွေးနှောမိသားစုနှင့် နိုင်ငံခြားသား ပံ့ပိုးရေး ဝန်ဆောင်မှု

  • ပင်မစာမျက်နှာ
  • နိုင်ငံခြားသွေးနှောမိသားစုနှင့် နိုင်ငံခြားသား ပံ့ပိုးရေး ဝန်ဆောင်မှု
  • နိုင်ငံခြားသွေးနှောမိသားစုနှင့် နိုင်ငံခြားသား ပံ့ပိုးရေး ဝန်ဆောင်မှု

နိုင်ငံခြားသွေးနှောမိသားစုနှင့် နိုင်ငံခြားသား ပံ့ပိုးရေး ဝန်ဆောင်မှု

ကိုရီးယားအစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ ကိုရီးယားဘာသာစကား သင်တန်းများ၊ ကိုရီးယားယဉ်ကျေးမှု သင်တန်းများ၊ ဆွေးနွေးမှုများစသည့် နိုင်ငံခြားသွေးနှော မိသားစုနှင့် နိုင်ငံခြားသားများ၏ ကိုရီးယားနိုင်ငံတွင်း နေထိုင်မှုကို ကူညီပေးသော ဝန်ဆောင်မှုများ ပေးလျက် ရှိပါသည်။ အထူးသဖြင့် ဘာသာစကား အခက်အခဲရှိပြီး၊ ကိုရီးယားယဉ်ကျေးမှုနှင့် မရင်းနှီးသေးသည့်အတွက် ကိုရီးယားလူမျိုးများနှင့် ဆက်ဆံရန် ခက်ခဲသည့် ရောက်ခါစ ကာလများတွင် နိုင်ငံခြားသွေးနှောမိသားစုနှင့် နိုင်ငံခြားသား အထောက်အကူပြုဌာနများမှတစ်ဆင့် အမျိုးမျိုးသော ဝန်ဆောင်မှုများကို ရယူခြင်းသည် အင်မတန် အထောက်အကူပြုပါသည်။

01ကိုရီးယားဘာသာစကား သင်တန်းများ

ကိုရီးယားနိုင်ငံတွင်း နေထိုင်ရေး အဆင်ပြေချောမွေ့စေရန်နှင့် ကိုရီးယားယဉ်ကျေးမှုကို နားလည်စေရန် ကိုရီးယားဘာသာစကားကို သင်ယူရန် လိုအပ်ပါသည်။ ထို့ကြောင့် ကိုရီးယားနိုင်ငံတွင် နိုင်ငံခြားသားများ ကိုရီးယားဘာသာစကားကို အခမဲ့ သင်ယူနိုင်သည့် ဌာနများစွာ ရှိပါသည်။ နိုင်ငံခြားသွေးနှောမိသားစု အထောက်အကူပြုစင်တာ၊ နိုင်ငံခြားသားအလုပ်သမားများ အထောက်အကူပြုစင်တာ၊ ကိုရီးယားဘာသာစကား သင်တန်းကျောင်းများ စသည့် နေရာများသည် နိုင်ငံခြားသားများအတွက် ကိုရီးယားဘာသာစကား သင်တန်းများ ဖွင့်လှစ်ကာ သင်ကြားပေးနေသည့် အဓိက ဌာနများဖြစ်ပါသည်။

02ကိုရီးယားယဉ်ကျေးမှုနှင့် နေထိုင်မှုဆိုင်ရာ သင်တန်း

ယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံ ကွာဟခြင်းကြောင့် ဖြစ်ပေါ်လာ‌သော ကိုရီးယားနိုင်ငံတွင်း နေထိုင်သွားလာမှု အခက်အခဲများကို ကျော်လွှားနိုင်ရန် ကိုရီးယားလူနေမှုဘဝနှင့် ယဉ်ကျေးမှုကို သင်ယူနိုင်သော ပရိုဂရမ်များ ရှိပါသည်။ ယဉ်ကျေးမှုစုံအကြောင်း သိကောင်းစရာများ၊ ဥပဒေနှင့် လူ့အခွင့်အရေး သင်တန်း၊ အိမ်ထောင်ပြုခြင်းနှင့် မိသားစုအကြောင်း သိကောင်းစရာ၊ ကိုရီးယားလူ့ဘောင်အဖွဲ့အစည်းနှင့် အသားကျစေရန် သင်တန်းများစသည့် သင်တန်းပို့ချချက်များနှင့် လက်တွေ့ကွင်းဆင်းလေ့လာစေသော နည်းလမ်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက် ရှိပါသည်။

03အိုင်စီတီ သင်တန်း

ကိုရီးယားနိုင်ငံသည် အိမ်တိုင်းနီးပါး ကိုယ်ပိုင် ကွန်ပျူတာများ အသုံးပြုလျက် ရှိပြီး၊ အင်တာနက် ဆက်သွယ်မှုသည်လည်း အင်မတန် ကောင်းမွန်သော နိုင်ငံဖြစ်ပါသည်။ အင်တာနက် အသုံးပြုခြင်းအားဖြင့် သတင်းအချက်အလက်များစွာ ရရှိနိုင်ပြီး၊ အင်တာနက်ဘဏ်ကင်း၊ ရုံးလုပ်ငန်းဆောင်တာများ စသည်တို့ကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ပါသည်။ ထို့အတွက်ကြောင့် နိုင်ငံခြားသွေးနှောမိသားစု အထောက်အကူပြုစင်တာ၊ နိုင်ငံခြားသားအလုပ်သမားများ အထောက်အကူပြုစင်တာ စသည့် ဌာနများမှ အင်တာနက်ဖြင့် အချက်အလက် ရှာဖွေနည်းနှင့် ပရိုဂရမ် အမျိုးမျိုး အသုံးပြုနည်းများကို သင်ကြားပေးသော အိုင်စီတီသင်တန်း ပရိုဂရမ်များကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။

04ဆွေးနွေးပေးခြင်း

ကိုရီးယားနိုင်ငံတွင် နေထိုင်နေသော နိုင်ငံခြားသားများ၏ အခက်အခဲများကို ဆွေးနွေးပေးပြီး၊ ပြဿနာ ဖြေရှင်းနည်းများကို ကူညီပေးသော ဆွေးနွေးခြင်း ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။(မိသားစုရေးရာဆွေးနွေးခြင်း၊ အလုပ်ဆိုင်ရာဆွေးနွေးခြင်း၊ နေထိုင်ခွင့်ဆိုင်ရာ ဆွေးနွေးခြင်း၊ ဥပဒေရေးရာဆွေးနွေးခြင်း စသည်)

  • ၎င်းအပြင် အလုပ်ဝင်ရန် သင်တန်းများ၊ စကားပြန်၊ ဘာသာပြန်စသည်တို့ကို ဝန်ဆောင်မှုပေးနေသည့်အတွက် အောက်ပါ စာမျက်နှာပါ နိုင်ငံခြားသွေးနှောမိသားစုနှင့် နိုင်ငံခြားသားများ အထောက်အကူပြုဌာနမှ စီစဉ်ပေးနေသော ပရိုဂရမ်များကို ကြည့်ပြီး နီးစပ်ရာဌာနများသို့ သွားရောက်စုံစမ်းမေးမြန်းခြင်းဖြင့် အလွယ်တကူ အသုံးပြုနိုင်ပါသည်။
  • အသုံးပြုနည်း အသေးစိတ်ကိုမူ နောက်စာမျက်နှာ ‘နိုင်ငံခြားသွေးနှောမိသားစုနှင့် နိုင်ငံခြားသားများ အထောက်အကူပြုဌာန’တွင် ကိုးကားရန်

05ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ကာကွယ်ရေး

  • ကိုရီးယားဘာသာစကားဖြင့် ဆွေးနွေးမှု အမျိုးသမီးများအရေးပေါ်ဖုန်း☎1366
  • နိုင်ငံခြားဘာသာစကားဖြင့် ဆွေးနွေးမှု ဒါနူရီ ကောလ်စင်တာ☎1577-1366
အကြမ်းဖက်ခံရသည့် ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးများ အထောက်အကူပြုဌာန လမ်းညွှန်
အကြမ်းဖက်ခံရသည့် ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးများ ခိုလှုံရာ(နိုင်ငံအနှံ့ 28နေရာ)
  • အိမ်တွင်းအကြမ်းဖက်မှု၊ လိင်အကြမ်းဖက်မှု၊ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသည့် ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးများ(အတူနေ သားသမီးအပါအဝင်)အတွက် ယာယီ စောင့်ရှောက်ပေးခြင်းနှင့် ဆွေးနွေးမှုလုပ်ပေးခြင်း၊ ဆေးကုသမှု၊ ဥပဒေရေးရာ စသည်တို့ကို ပံ့ပိုးပေးပါသည်။
  • လုံခြုံသော လျှို့ဝှက်နေရာသို့ ☎1577-1366, ☎1366၊ ရဲစခန်းစသည် နီးစပ်ရာတွင် ဆွေးနွေးမှု လုပ်ပြီးနောက် ပြောင်းရွှေ့နေထိုင်နိုစေခြင်း။
အကြမ်းဖက်ခံရသည့် ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးများ ဂရုဟုမ်း(နိုင်ငံအနှံ့ 4နေရာ)
  • အိမ်တွင်းအကြမ်းဖက်မှု၊ လိင်အကြမ်းဖက်မှု၊ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသည့် ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးနှင့် အတူနေ သားသမီးများအတွက် နေထိုင်စရာ စီစဉ်ပေးခြင်း။
  • ပြည်သူ့အငှားအိမ်ရာတွင် ဦးစားပေး နေထိုင်ခွင့် ပေးခြင်း
အကြမ်းဖက်ခံရသူ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးများ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ရေး အထောက်အကူပြုစင်တာ(ဆိုးလ်မြို့ 1နေရာ)
  • အိမ်တွင်းအကြမ်းဖက်မှု၊ လိင်အကြမ်းဖက်မှု၊ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသည့် ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးများနှင့် အတူနေ သားသမီးများ လွတ်လပ်စွာ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ရန် လိုအပ်သည်များ ထောက်ပံ့ပေးခြင်း။
  • အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်း၊ အလုပ်ရှာပေးခြင်း စသည်
အကြမ်းဖက်ခံရသည့် ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးများ ဆွေးနွေးမှုစင်တာ(နိုင်ငံအနှံ့ 9နေရာ)
  • အိမ်တွင်းအကြမ်းဖက်မှု၊ လိင်အကြမ်းဖက်မှု၊ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသည့် ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးများနှင့် အတူနေ သားသမီးများအတွက် ဆွေးနွေးမှု လုပ်ပေးခြင်းနှင့် စကားပြန်၊ ဘာသာပြန် ဝန်ဆောင်မှု ပေးခြင်း စသည်
ဟယ်ဗာရာဂီ စင်တာ
  • အိမ်တွင်းအကြမ်းဖက်မှု၊ လိင်အကြမ်းဖက်မှု၊ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသူများအတွက် ဆွေးနွေးမှု၊ ဆေးကုသမှု၊ ဥပဒေရေးရာနှင့် တရားရုံးစစ်ဆေးမှုအတွက် အကူအညီများ(365ရက် 24နာရီ)
  • အကြမ်းဖက်ခံရမှု အန္တရာယ်ကျရောက်ချိန်တွင် ဆောင်ရွက်ရမည်များအား ပြောပြကူညီခြင်း။
လိင်အကြမ်းဖက်မှု ဆွေးနွေးမှုစင်တာ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရမှုဆိုင်ရာ ဆွေးနွေးမှုစင်တာ
  • အခက်အခဲနှင့် အဆက်မပြတ်ဆွေးနွေးပေးခြင်း၊ ဥပဒေရေးရာ အခမဲ့ထောက်ပံ့ကူညီခြင်း
  • အမှုစစ်ဌာနတွင် စစ်ဆေးမေးမြန်းခြင်းနှင့် တရားရုံးတွင် မျက်မြင်သက်သေ စစ်ဆေးမေးမြန်းမှု လုပ်ချိန် အတူလိုက်ပေးခြင်း။
  • ဆေးရုံ၊ ဆေးခန်းများ၊ ဒေသတွင်း နစ်နာသူ စောင့်ရှောက်ရေးစင်တာများနှင့် ချိတ်ဆက်ပေးခြင်း။
ကိုရီးယား ဥပဒေရေးရာ အထောက်အကူပြု ကော်ပိုရေးရှင်း
  • အကြမ်းဖက်ခံရခြင်းနှင့်သက်ဆိုင်သည့် ဥပဒေရေးရာ ဆွေးနွေးပေးခြင်းနှင့် ပြစ်မှု(ရာဇဝတ်မှု)၊ တရားမမှု၊ မိသားစုရေးရာအမှုများအတွက် တရားစွဲဆို/ရင်ဆိုင်ခြင်းနှင့် ရှေ့နေလိုက်ပေးသည့် အကူအညီများပေးခြင်း။
ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးများအပေါ် ကျူးလွန်သည့် အိမ်တွင်းအကြမ်းဖက်မှု ဆိုသည်မှာ?
1ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း
  • တစ်ဖက်သား၏ ခန္ဓာကိုယ်အား ရုပ်ပိုင်းဆိုင်ရာ ခွန်အားဖြင့် ထိခိုက်နာကျင်အောင် ပြုမှုခြင်း။
  • တွန်းထုတ်ခြင်း၊ ရိုက်နှက်ခြင်း၊ လက်နက် သို့မဟုတ် ဓား အသုံးပြုခြင်း စသည်
2နှုတ်ဖြင့်၊ စိတ်ခံစားချက်ဖြင့် အကြမ်းဖက်ခြင်း
  • စကားဖြင့် တစ်ဖက်သားအား ဒဏ်ရာပေးခြင်း၊ စိတ်ခံစားမှုပိုင်း ဒဏ်ရာပေးခြင်း
  • အော်ငေါက်ခြင်း၊ ဆဲဆိုခြင်း၊ ပြစ်တင်ကဲ့ရဲ့ခြင်း၊ စော်ကားပြောဆိုခြင်း၊ လျစ်လျူရှုခြင်း၊ အကြင်နာတရားကင်းမဲ့ခြင်း စသည်
3လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း
  • မိမိ အိမ်ထောင်ဖက်က လိင်ပိုင်းဆိုင်ရာ အတူနေရန် ဆန္ဒမရှိသော်လည်း အတင်းအဓမ္မ ပြုမူဆက်ဆံခြင်း။
  • အလိုမတူဘဲ ဆက်ဆံခြင်း၊ အလိုမတူဘဲ ကိုယ်ဝန်မရအောင် လုပ်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ သမီးရည်းစားကြား လိင်အကြမ်းဖက်ခြင်း၊ ဒီဂျစ်တယ်(ဆိုက်ဘာ) လိင်အကြမ်းဖက်ခြင်း။
4စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်း
  • ဝင်ငွေရှိသော အိမ်ထောင်ဖက်က မိမိ အိမ်ထောင်ဖက်ကို ငွေကြေးဆိုင်ရာ လွတ်လပ်ခွင့် မပေးခြင်း
  • မိမိ ဝင်ငွေကို ထိန်းချုပ်ခံရခြင်း၊ အလုပ်လုပ်ခွင့် မပေးခြင်း၊ အိမ်စရိတ် မပေးခြင်း။

ကိုရီးယားဘာသာစကားဖြင့် ဆွေးနွေးမှု အမျိုးသမီးများအရေးပေါ်ဖုန်း☎1366

နိုင်ငံခြားဘာသာစကားဖြင့် ဆွေးနွေးမှု ဒါနူရီကောလ်စင်တာ ☎1577-1366

တိုင်ကြားရန် ရဲစခန်း☎112

အရင်းအမြစ်
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။