01ကျန်းမာရေးအာမခံစနစ် အနှစ်ချုပ်
ကိုရီးယားနိုင်ငံသည် ဝင်ငွေနှင့် ပိုင်ဆိုင်မှု စသည်တို့အပေါ် မူတည်ပြီး လစဉ် သတ်မှတ်ပမာဏအတိုင်း အာမခံကြေး ပေးဆောင်ရသည့် ကျန်းမာရေးအာမခံစနစ်ကို ကျင့်သုံးလျက်ရှိပါသည်။ ကျန်းမာရေးအာမခံဝင်ထားပါက နာမကျန်းဖြစ်သည့်အခါ သို့မဟုတ် ကလေးမွေးဖွားသည့်အခါ ကုန်ကျစရိတ် သက်သက်သာသာဖြင့် ဆေးရုံဆေးခန်းများကို အသုံးပြုနိုင်ပါသည်။ ထို့အပြင် ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။ နိုင်ငံသား အားလုံးသည် ကျန်းမာရေးအာမခံကို မဖြစ်မနေ ဝင်ထားရမည်ဖြစ်ပြီး၊ ဆေးကုသစရိတ်ခံစားခွင့်ရသည့်သူများ မပါဝင်ပါ။
ကျန်းမာရေးအာမခံဝင်ထားသူများကို အလုပ်မှတစ်ဆင့် ကျန်းမာရေးအာမခံသွင်းနေသူများနှင့် ဒေသကျန်းမားရေးအာမခံသွင်းသူများဟူ၍ ခွဲထားပါသည်။ လုပ်ငန်းခွင် အားလုံးတွင် အလုပ်လုပ်နေသော အလုပ်သမားများနှင့် အလုပ်ရှင်များ၊ အစိုးရဝန်ထမ်းနှင့် ပညာရေးဝန်ထမ်းများသည် အလုပ်မှတစ်ဆင့် ကျန်းမာရေးအာမခံသွင်းနေသူများ ဖြစ်ပါသည်။ အလုပ်မှတစ်ဆင့် ကျန်းမာရေးအာမခံသွင်းနေသူများသည် များသောအားဖြင့် အိမ်ထောင့်တာဝန်ကို ယူနေသောသူများဖြစ်ပြီး အမျိုးသားကျန်းမာရေးအာမခံဥပဒေ ပြဋ္ဌာန်းချက်အရ သတ်မှတ်ထားသော စံနှုန်း(ဝင်ငွေ၊ ပိုင်ဆိုင်မှု၊ မှီခိုသူ) အားလုံးနှင့် ပြည့်စုံပါက ကာယကံရှင်မှ အကြောင်းကြားခြင်းဖြင့် မှီခိုသူအား စာရင်းထည့်သွင်းနိုင်ပါသည်။ အလုပ်မှတစ်ဆင့် ကျန်းမာရေးအာမခံသွင်းနေသူများနှင့် ၎င်းတို့၏ မှီခိုမိသားစုများမှ လွဲ၍ ကျန်သူများမှာ ဒေသကျန်းမာရေးအာမခံစာရင်းသွင်းသူများ ဖြစ်ပါသည်။ အလုပ်မှတစ်ဆင့် ကျန်းမာရေးအာမခံသွင်းနေသူများဖြစ်ပါက ကုမ္ပဏီမှ ရသော လစာဆိုင်ရာ အာမခံကြေးသည် ကုမ္ပဏီမှ အာမခံကြေး၏ 50%နှင့် ကျန် 50%ကို ကာယကံရှင်မှ ကျခံရပြီး၊ လုပ်ခလစာ မဟုတ်သော သီးခြားဝင်ငွေရှိပါက တစ်နှစ်လျှင် ဝမ် သိန်း 200 ကျော်ပါက၊ ယင်း သီးခြားဝင်ငွေ စုစုပေါင်းထဲမှ ဝမ် သိန်း 200ကို နုတ်ပြီးနောက် လစဉ်ပျမ်းမျှဝင်ငွေတွက်ပြီး ၎င်းပမာဏကို ကျန်းမာရေးအာမခံနှုန်းထားဖြင့် မြှောက်ထားသော အာမခံကြေးကို ကာယကံရှင်မှ အလုံးစုံ ကျခံရပါသည်။ ကျန်းမာရေးအာမခံ ဝင်ထားသောသူသည် ဆေးရုံတွင် ဆေးကုသမှု ခံယူသည့်အခါ အမျိုးသားကျန်းမာရေးအာမခံဌာနမှ ဆေးကုသစရိတ်ထဲမှ တချို့တစ်ဝက်ကို ကျခံပေးပြီး၊ ဆေးရုံ၊ ဆေးခန်းနှင့် တိုင်းရင်းဆေးခန်းများတွင် စမ်းသပ်ခြင်း သို့မဟုတ် ဆေးကုသခြင်းများကို အကုန်အကျ သက်သာစွာဖြင့် ခံယူနိုင်ပါသည်။ သို့သော် စမ်းသပ်ခြင်း၊ ဆေးကုသစရိတ် တချို့တစ်ဝက်ကိုမူ ကာယကံရှင်မှ ကျခံရပါသည်။ ထို့အပြင် ကျန်းမာရေးစစ်ဆေးခြင်း အကျိုးခံစားခွင့်ကိုလည်း ရယူနိုင်ပါသည်။ ကျန်းမာရေးစစ်ဆေးခြင်းသည် အသက်အရွယ်အလိုက် ကွာခြားချက် ရှိသော်လည်း ပုံမှန်အားဖြင့် 2နှစ်လျှင် တစ်ကြိမ် စစ်ဆေးခြင်း ခံယူနိုင်ပါသည်။
02ကျန်းမာရေးအာမခံ ဝင်ရသည့် နိုင်ငံခြားသားများ
နိုင်ငံခြားသားမှတ်ပုံတင်ထားသော သူများအနေနှင့် ကျန်းမာရေးအာမခံ သက်ရောက်မှုရှိသော လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသောသူနှင့် အစိုးရဝန်ထမ်း၊ ပညာရေးဝန်ထမ်းအဖြစ် ခန့်အပ်ခြင်း သို့မဟုတ် ခန့်ထားသောသူသည် အလုပ်မှတစ်ဆင့် ကျန်းမာရေးအာမခံသွင်းနေသူများဖြစ်ပါသည်။ နိုင်ငံခြားသားမှတ်ပုံတင်ထားသောသူများအနေနှင့် အလုပ်မှတစ်ဆင့် ကျန်းမာရေးအာမခံသွင်းနေသူများမှအပ အမျိုးသားကျန်းမာရေးအာမခံဥပဒေပြဌာန်းချက် ပူးတွဲပါ 9အချက်တွင် အကျုံးဝင်သည့် နိုင်ငံခြားသားများသည် 6လနှင့်အထက် ကိုရီးယားနိုင်ငံတွင် နေထိုင်ပါက ဒေသခံစာရင်းသွင်းသူအဖြစ် သို့မဟုတ် အလုပ်မှတစ်ဆင့် ကျန်းမာရေးအာမခံသွင်းနေသူမှ မိမိ၏ မှီခိုသူအဖြစ် အကြောင်းကြားကာ စာရင်းထည့်သွင်းနိုင်ပါသည်။(ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ထားသူ၊ ပညာသင်၊ ရာသက်ပန်နေထိုင်ခွင့်ရသူ၊ E-9 ဗီဇာများသည် ကိုရီးယားနိုင်ငံသို့ ရောက်သည်နှင့် ချက်ချင်း သွင်းရပါမည်။)
သို့သော်၊ ပြည်ပဥပဒေ သို့မဟုတ် ပြည်ပအာမခံ သို့မဟုတ် အလုပ်ရှင်နှင့် ချုပ်ဆိုထားသည့် စာချုပ်အပေါ် မူတည်ပြီး ကျန်းမာရေးအာမခံနှင့် တူညီသော အခြားသော ဆေးဘက်ဆိုင်ရာအာမခံချက်များရှိပါက ကာယကံရှင်၏ လျှောက်ထားမှုပေါ် မူတည်၍ ကျန်းမာရေးအာမခံ သွင်းရမည့် တာဝန်အား ကင်းလွတ်ခွင့်ရနိုင်ပါသည်။
03အာမခံ စာရင်းသွင်းနည်း
(1)အလုပ်လုပ်နေသော အိမ်ထောင်ဖက်သည် ကျန်းမာရေးအာမခံ စာရင်းသွင်းထားပါက
အိမ်ထောင်ဖက်၏ ကျန်းမာရေးအာမခံတွင် မှီခိုသူ*အဖြစ် စာရင်းထည့်သွင်းနိုင်ပြီး၊ မှီခိုသူအဖြစ် စစ်ဆေးအတည်ပြုရန် လိုအပ်သည့် စာရွက်စာတမ်းများကို အမျိုးသားကျန်းမာရေးအာမခံဌာနသို့ တင်ပြပေးရမည် ဖြစ်ပါသည်။
- လိုအပ်သော စာရွက်စာတမ်းများ : မှီခိုသူဖြစ်ကြောင်း သတင်းပို့အကြောင်းကြားစာ၊ နိုင်ငံခြားသားမှတ်ပုံတင်ကတ် မိတ္တူ၊ အိမ်ထောင်စုစာရင်း(သန်းခေါင်စာရင်း) နိုင်ငံခြားသား၏ အိမ်ထောင်စုစာရင်းသည် သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန(သို့မဟုတ် Apostille) အတည်ပြုထားသော စာရွက်စာတမ်း(ကိုရီးယားဘာသာဖြင့် ဘာသာပြန်စာရွက် အပါအဝင်)
(2)နိုင်ငံခြားသားသည် အလုပ်လုပ်နေသူ ဖြစ်ပါက
- နိုင်ငံခြားသားသည် ကျန်းမာရေးအာမခံ သက်ရောက်မှုရှိသည့် လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နေပါက ကျန်းမာရေးအာမခံ ဝင်ထားပြီးဖြစ်ကာ ကုမ္ပဏီမှ အမျိုးသားကျန်းမာရေးအာမခံဌာနသို့ နိုင်ငံခြားသားမှတ်ပုံတင် မိတ္တူနှင့် လိုအပ်သော စာရွက်စာတမ်းများကို တင်ပြပေးရပါသည်။
(3)နိုင်ငံခြားသားတစ်ဦးသည် အလုပ်လက်မဲ့ ဖြစ်ပါက
- 2019 ခုနှစ်၊ ဇူလိုင်လ 16 ရက်နေ့မှစ၍ နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးအာမခံ အက်ဥပဒေ (National Health Insurance Act) ၏ စည်းမျဉ်းဥပဒေ ပူးတွဲပါ 9 တွင် ဖော်ပြထားသော နိုင်ငံခြားသားများသည် ကိုရီးယားနိုင်ငံတွင် ခြောက်လနှင့်အထက် နေထိုင်ပါက နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးအာမခံ ဝန်ဆောင်မှု (National Health Insurance Service, NHIS) တွင် အလိုအလျောက် စာရင်းသွင်းခံရမည် ဖြစ်ပါသည်။ အလုပ်ခန့်အပ်မှုဖြင့် ပုံမှန်ရယူထားသူများနှင့် မှီခိုသူများ မပါဝင်ပါ။ (လက်ထပ်ကာ ရွှေ့ပြောင်းနေထိုင်သူများနှင့် ပညာသင်ကြားရေးအတွက် နေထိုင်သော ကျောင်းသားကျောင်းသူများသည် ရောက်ရှိချိန်တွင် ချက်ချင်း စာရင်းသွင်းခံရမည် ဖြစ်ပါသည်။) Seoul၊ Incheon သို့မဟုတ် Gyeonggi-do တွင် နေထိုင်သော (နိုင်ငံရပ်ခြားတွင် နေထိုင်သော ကိုရီးယား နိုင်ငံသားများ အပါအဝင်) နိုင်ငံခြားသားများသည် အရည်အချင်းပြည့်မီမှု ရရှိခြင်း၊ အိမ်ထောင်စုပေါင်းခြင်းနှင့် ပရီမီယံကြေး ပေးချေမှုများ ကဲ့သို့သော ကိစ္စရပ်များအတွက် အောက်ပါ နိုင်ငံခြားသား နေထိုင်သူများအတွက် NHIS စင်တာ (NHIS Center for Foreign Residents) သို့ လာရောက်ရပါမည်။
외국인민원센터 : 센터명 및 센터 안내를 포함한 표입니다. စင်တာအမည် | စင်တာလမ်းညွှန် |
ဆိုးလ်စင်တာ | ဆိုးလ်မြို့ ဂူရိုဂူ ဆယ်မားလို 97 ရှင်းဒိုရင်းမ်တက်ခနိုမာထု 3လွှာ |
အန်ဆန်းစင်တာ | ဂယောင်ဂီဒို အန်ဆန်းမြို့ ဒန်းဝန်းဂူ ဟွာရန်းနို 366, 4လွှာ |
ဆူဝန်စင်တာ | ဂယောင်ဂီဒို ဆူဝန်မြို့ ဖားလ်ဒါးလ်ဂူ ဟျိုဝေါနို 119, 1လွှာ |
အင်ချွန်းစင်တာ | အင်ချွန်းမြို့ ဘူဖျောင်းဂူ ဘူဖျောင်းဒယ်ရို 88, 7လွှာ |
အွီဂျောင်းဘူစင်တာ | ဂယောင်ဂီဒို အွီဂျောင်းဘူမြို့ ရှီမင်းနို 80, 9လွှာ |
04အာမခံကြေးသွင်းခြင်း
(1)အလုပ်မှတစ်ဆင့် ကျန်းမာရေးအာမခံသွင်းနေသူများ
- အာမခံကြေး သွင်းခြင်း :
- အာမခံဝင်ထားသူ၏ လုပ်ခလစာထဲမှ လစဥ် ကြိုနှုတ်ယူပြီး အလုပ်ရှင်မှ ဆောင်ပေးရပါသည်။
- အလုပ်ခန့်အပ်မှုဖြင့် ပုံမှန်ရယူထားသူများအတွက် (အလုပ်ရှင်နှင့် အလုပ်သမားအကြား 50/50 မျှဝေသော) လစာအပေါ် မူတည်သည့် လစဉ်ပရီမီယံကြေးကို အလုပ်သမား၏ လစဉ်လစာထဲမှ နုတ်ယူပြီး အလုပ်ရှင်က ပေးချေပါသည်။ လစာဝင်ငွေမဟုတ်သော နှစ်စဉ်ဝင်ငွေ အပြည့်အစုံ (KRW သန်း 20 ထက်ပို) အပေါ် မူတည်သော အပိုဆောင်း လစဉ်ပရီမီယံကြေးကို ထိုသူက ပေးချေရပါသည်။
(2)ဒေသခံစာရင်းသွင်းသူ
အာမခံကြေး သွင်းခြင်း
- နိုင်ငံခြားသားဖြစ်ပါက ယခုလအတွက် အာမခံကြေးကို ယခင်လ 25ရက်နေ့အထိ ပေးဆောင်ရပြီး(သို့သော်၊ အာမခံဝင်ခွင့် လျှောက်ထားစဉ် ပေါ်ပေါက်သည့် အာမခံကို ပထမဆုံး အာမခံကြေးတွင် ပေါင်းပြီးထည့်သွင်းပါသည်)၊ ဝင်ငွေ၊ ပိုင်ဆိုင်မှုအပေါ် မူတည်ပြီး တွက်ချက်ထားသည့် အာမခံကြေးသည် ပျမ်းမျှအာမခံကြေးထက် နည်းလျှင် ယခင်နှစ် 11လပိုင်း အာမခံဝင်ထားသူ စုစုပေါင်း၏ ပျမ်းမျှ အာမခံကြေးဖြင့် ကောက်ခံပြီး၊ ’2025ခုနှစ် အာမခံကြေးသည် ဝမ် 152,790(ကာလရှည်ဆေးကုသမှု အာမခံကြေး ဝမ် 17,510 အပါအဝင်)ဖြစ်ပါသည်။
- နေထိုင်ခွင့်ဗီဇာသည် F-5, F-6 ဖြစ်သည့် ပြည်တွင်းတွင် ရာသက်ပန်နေထိုင်နေသည့် နိုင်ငံခြားသားများမှာ ကိုရီးယားနိုင်ငံသားများနည်းတူ အာမခံကြေးကောက်ခံမှုစနစ်အတိုင်း နောက်လ 10ရက်နေ့အထိ ပေးဆောင်ရပါမည်။
သတိထားရမည့်အချက်
နိုင်ငံခြားသား အိမ်ထောင်ဖက်သည် ကိုရီးယားနိုင်ငံသားနှင့် အတူတူ နေထိုင်ပြီး ထိုပုဂ္ဂိုလ်၏ ကျန်းမာရေးအာမခံကတ်တွင် အတူတကွ စာရင်းသွင်းထားလျှင် ကိုရီးယားနိုင်ငံသား၏ အာမခံကြေးကောက်ခံမှုစနစ်ဖြင့် ပေါင်းပြီး တွက်ထားသည့် အာမခံကြေးကို ပေးဆောင်ရပါမည်။
- အိမ်ထောင်ဖက်အပြင် ကိုရီးယားနိုင်ငံသားနှင့် မိသားစုတော်စပ်ပါက မိသားစုဝင်အဖြစ် ပေါင်းထည့်ခြင်းအား လုပ်နိုင်ပါသည်။
- အသက် 19နှစ်အောက် ကလေးများသာရှိသော အိမ်ထောင်စုသည် ကိုရီးယားနိုင်ငံသားများနည်းတူ စံနှုန်းဖြင့် တွက်ချက်ပါသည်။
(ပျမ်းမျှ အာမခံကြေး သက်ရောက်မှုမရှိ၊ လျှော့ပေါ့ကင်းလွတ်ခွင့် မရှိပါ။)
05အာမခံကြေးပေးဆောင်ရန် ကြွေးကျန်ရှိပါက နစ်နာမှုများ
- နိုင်ငံခြား ဒေသတွင်း ပုံမှန်ရယူထားသူ တစ်ဦးက ပရီမီယံကြေး ပေးချေရန် ပျက်ကွက်လျှင် မပေးချေသော ပထမဆုံးလပြီးနောက် နောက်တစ်လ၏ 1 ရက်နေ့မှစ၍ သူ/သူမ၏ အာမခံ အကျိုးခံစားခွင့်များကို ကန့်သတ်မည် ဖြစ်ပါသည်။
- သို့ရာတွင် သူ/သူမ၏ ဗီဇာအမျိုးအစားသည် ကော်ပိုရိတ် ရင်းနှီးမြှုပ်နှံမှု (Corporate Investment) (D-8-1)၊ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူ (Individual Investor) (D-8-3)၊ ပရော်ဖက်ဆာ (Professor) (E-1)၊ သုတေသီ (Researcher) (E-3)၊ နည်းပညာဆိုင်ရာ ညွှန်ကြားသူ (Technical Instructor) (E-4)၊ ပညာရှင် (Professional) (E-5) သို့မဟုတ် နေထိုင်သူ (Residence) (F-2) ဖြစ်ပြီး ငွေပေးချေမှု သုံးခုနှင့်အထက် ရက်လွန်သွားပါက အသိပေးချက်တစ်ခုကို ပေးပို့ပြီးနောက်တွင် အာမခံ အကျိုးခံစားခွင့်များကို ကန့်သတ်မည် ဖြစ်ပါသည်။
- အမြဲတမ်းနေထိုင်ခွင့် (Permanent Residency) (F-5) နှင့် လက်ထပ်ကာ ရွှေ့ပြောင်းနေထိုင်ခြင်း (Marriage Migrant) (F-6) ဗီဇာကိုင်ဆောင်သူများသည် ပျက်ကွက်သော ငွေပေးချေမှု ခြောက်ခုနှင့်အထက် ရှိပါက အသိပေးချက်တစ်ခုကို ပေးပို့ပြီးနောက် ၎င်းတို့၏ အာမခံ အကျိုးခံစားခွင့်များကို ကန့်သတ်ခံရမည် ဖြစ်ပါသည်။
- အာမခံကြေး သို့မဟုတ် ကျန်းမာရေးအာမခံ အခြားသော အခွန်အခများ ကြွေးကျန်ရှိပါက တရားရေးဝန်ကြီးဌာနမှ ဗီဇာသက်တမ်းတိုးသည့်အခါ အများဆုံး 6လအထိသာ သက်တမ်းတိုးခွင့်ပေးပြီး၊ အများဆုံး 3ကြိမ်ကျော်ပါက ဗီဇာသက်တမ်းတိုးခွင့်အား ကန့်သတ်ခံရနိုင်ပါသည်။
- ကျန်းမာရေးအာမခံကြေး ဝမ် 5သိန်းနှင့်အထက်၊ အခြားသော အခွန်အခများ ဝမ် 1သိန်းနှင့်အထက် ကြွေးကျန်ရှိပါက ၎င်းကိစ္စရပ်အား တရားရေးဝန်ကြီးဌာန ဗီဇာခွင့်ပြုခြင်း(အကြောင်းကြားခြင်း) စစ်ဆေးမှုတွင် သက်ရောက်စေပါသည်။
06ဆွေးနွေးမှုဌာန သို့မဟုတ် စုံစမ်းရန်
ကျန်းမာရေးအာမခံအတွက် အာမခံကြေး၊ အာမခံဝင်ခွင့်ဆိုင်ရာ၊ အကျိုးခံစားခွင့် စသည့် အသေးစိတ် အချက်အလက်များကို အမျိုးသားကျန်းမာရေးအာမခံဌာန ဟုမ်းပေ့ချ်ကို အသုံးပြုခြင်း သို့မဟုတ် ဖုန်းနံပါတ်(☎1577-1000) သို့မဟုတ် နိုင်ငံခြားဘာသာစကား(အင်္ဂလိပ်၊ တရုတ်၊ ဗီယက်နမ်၊ ဥဇဘတ်)ဖြင့် ဆွေးနွေးရန်ဖုန်း(☎033-811-2000)သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။