ငွေစာရင်းဆိုသည်မှာ အိမ်တစ်အိမ်၏ ဝင်ငွေနှင့် ထွက်ငွေ အခြေအနေကို ဆိုလိုပါသည်။ ဝင်ငွေနည်းသော်လည်း ဘယ်လို စီမံခန့်ခွဲသလဲဆိုသည့်အပေါ် မူတည်ပြီး ငွေစာရင်းက အပေါင်း(+)လည်း ပြနိုင်သကဲ့သို့ အနှုတ်(-)လည်း ပြနိုင်ပါသည်။
ကိုရီးယား၏ ငွေကြေးများမှာ အကြွေစေ့(ဝမ် 10၊ ဝမ် 50၊ ဝမ် 100၊ ဝမ် 500)များ ရှိပြီး၊ ငွေစက္ကူအနေနှင့် ဝမ် 1,000၊ ဝမ် 5,000၊ ဝမ်10,000၊ ဝမ် 50,000တန်များ ရှိပါသည်။ ထို့အပြင် ဝမ် 100,000အထက် အမျိုးမျိုးသော ငွေတန်ဖိုးရှိသည့် ချက်လက်မှတ်များကိုလည်း အသုံးပြုနိုင်ပါသည်။
ကိုရီးယားနိုင်ငံ ငွေကြေးဖြစ်သည့် ဝမ် 1,000၊ ဝမ် 5,000၊ ဝမ် 10,000၊ ဝမ် 50,000ဖြင့် ဝယ်၍ရနိုင်သည်များ၊ မိခင်နိုင်ငံ ငွေကြေး တန်ဖိုးနှင့် ယှဉ်ကြည့်ပြီး ကိုရီးယားနိုင်ငံ၏ ကုန်စျေးနှုန်းများ စသည်တို့ကို အမြဲ ထည့်သွင်းစဉ်းစားရပါမည်။
မုန့် တစ်ထုပ် သို့မဟုတ် ရေခဲမုန့် တစ်ခု ဝမ် 1,000~2,000
အမေရီကာနို ကော်ဖီတစ်ခွက်၊ ဝမ် 2,000 နှင့် 4,000 ကြား
အခြေခံ ထမင်း တစ်နပ်၊ ခေါက်ဆွဲအေး စသည့် အစားအစာ ဝမ် 8,000~10,000
ဝက်သား 500g ဝမ် 10,000
ဆန် တစ်အိတ်(20kg) ဝမ် 55,000
အစီအစဉ် မရှိဘဲ ရှော့ပင်းလုပ်မိလျှင် မလိုအပ်သော ပစ္စည်းများအထိပါ ဝယ်မိတတ်ပြီး၊ ဝင်ငွေထက် ထွက်ငွေ များလာပြီး၊ ငွေစာရင်း စီမံမှုတွင် အခက်အခဲများ ပေါ်လာတတ်သည့်အတွက် ရှော့ပင်း မလုပ်မီ သေချာစွာ အစီအစဉ် ရေးဆွဲသင့်ပါသည်။
ပစ္စည်းများ မဝယ်မီ ဝယ်မည့်အရာများကို ကြိုပြီး ရေးကြည့်ပါ။
ဘယ်နေရာတွင် မည်မျှ ဝယ်မယ်ကို သတ်မှတ်ပါ။
24နာရီလုံးလုံး ဖွင့်သော ဆိုင်ဖြစ်သည့်အလျောက် အစားအသောက်မှ စပြီး အမျိုးစုံသော ပစ္စည်းများ ရနိုင်ပါသည်။ ဆိုင်က သေးသည့်အတွက် လိုချင်သော ပစ္စည်းများကို ရှာရ လွယ်ကူသောကြောင့် ပစ္စည်း တစ်မျိုး၊ နှစ်မျိုးလောက် အမြန် ဝယ်ယူရန် လိုအပ်သည့်အချိန်တွင် အဆင်ပြေပါသည်။
စားသောက်ကုန်၊ အဝတ်အထည်၊ လူသုံးကုန်(နေ့စဉ်သုံးပစ္စည်းများ) စသဖြင့် အမျိုးမျိုးသော ပစ္စည်းများ စုံလင်လှသော ရိုးရိုးစျေးသည် စျေးနှုန်းသက်သာပြီး၊ စျေးဆစ်ခြင်းနှင့် အပိုတောင်းခြင်းများ လုပ်နိုင်ပါသည်။ ထို့ပြင် ၎င်းစျေးများတွင် သာမန်ကိုရီးယား ပြည်သူများ၏ လူနေမှုပုံစံကို စိတ်ဝင်စားစွာ လေ့လာတွေ့မြင်နိုင်ပါသည်။
အဓိကအားဖြင့် မုန့်၊ ဟင်းသီးဟင်းရွက်များ၊ အသားများ၊ အချိုရည်များ စသည့် စားသောက်ကုန်များကို အဓိကထား ရောင်းချပြီး အိမ်အနီးနား(ရပ်ကွက်ထဲ)တွင် ရှိသည့်အတွက် နီးပြီး အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။
အဝတ်အထည်၊ စားသောက်ကုန်၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ လက်ဝတ်ရတနာ စသဖြင့် ပစ္စည်းများ၏ အမျိုးအရေအတွက်မှာ အလွန် များပြီး၊ အဆောက်အဦနှင့် ဝန်ဆောင်မှု ကောင်း၍ ပစ္စည်းအရည်အသွေးလည်း သာလွန်ကောင်းမွန်သည့်အတွက် စျေးနှုန်းမှာလည်း မြင့်ပါသည်။ လျှော့စျေးချပွဲများ မကြာမကြာ ရှိသည့်အတွက် စျေးချသည့်အချိန်ထိ စောင့်ပြီး ဝယ်ယူခြင်းသည် မိမိအတွက် အကျိုးရှိပါသည်။
ကုန်တိုက်နည်းတူ အဝတ်အထည်၊ စားသောက်ကုန်၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ လူသုံးကုန် စသည့် အမျိုးစုံသော ပစ္စည်းများ ရှိပါသည်။ ပစ္စည်း၏ အရည်အသွေးလည်း ကောင်းမွန်သည်ဟု ဆိုနိုင်ပြီး အဆောက်အဦနှင့် ဝန်ဆောင်မှုလည်း ကောင်းမွန်သည်ဟု ဆိုနိုင်ပါသည်။
တီဗွီထဲမှ ပစ္စည်းကြော်ငြာများကို ကြည့်ကာ ဖုန်း၊ အင်တာနက်ဖြင့် ချက်ချင်း မှာယူနိုင်ပြီး အဝတ်အထည်၊ စားသောက်ကုန်၊ အလှကုန်၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ အာမခံ စသဖြင့် အမျိုးစုံသော ပစ္စည်းများကို ရောင်းချပေးပါသည်။ အဆင်ပြေ သက်တောင့်သက်သာရှိသော်လည်း မလိုအပ်သော ပစ္စည်းများကို အလောတကြီး ဝယ်မိတတ်သည့်အတွက် သတိထားရပါမည်။
အင်တာနက်ကို အသုံးပြုပြီး ပစ္စည်းများ မှာယူနိုင်ပြီး၊ ရောင်းချသည့်ပစ္စည်း အမျိုးအစားများမှာ အရမ်း များပါသည်။ သို့သော် ရံဖန်ရံခါ ကွန်ပျူတာ စခရင်ပေါ်တွင် မြင်ရသည့် အရောင် သို့မဟုတ် အရွယ်အစား စသည်တို့သည် အပြင်က ပစ္စည်းနှင့် ကွဲပြားမှုများ ရှိနိုင်သည့်အတွက် သေချာကြည့်၍သော်လည်းကောင်း၊ ရောင်းချသူထံ မေးကြည့်ပြီး ဝယ်ယူခြင်းသည် ပိုကောင်းပါသည်။
ငွေပေးချေနည်းအနေဖြင့် ငွေသား၊ ချက်လက်မှတ်၊ အကြွေးဝယ်ကတ်၊ ငွေသားကတ်၊ စျေးဝယ်လက်မှတ် စသဖြင့် ရှိပါသည်။
ပစ္စည်း တစ်ခုနှင့်တစ်ခု စျေးနှုန်းနှင့် အရည်အသွေးများကို နှိုင်းယှဉ်ပြီး၊ စားသောက်ကုန်များဖြစ်ပါက သက်တမ်းကုန်ဆုံးရက်ကိုလည်း စစ်ဆေးပါ။ ပစ္စည်းဖိုး တိကျစွာ တွက်ချက်ထားခြင်းရှိမရှိကို စစ်ဆေးရန် လိုအပ်ပါသည်။ ဝယ်ယူပြီးနောက် ပြေစာကို မဖြစ်မနေ ယူထားရမည်ဖြစ်ပြီး၊ ပစ္စည်း ပြန်လဲခြင်း၊ ငွေပြန်အမ်းခိုင်းသည့်အခါတွင် ပြေစာ လိုအပ်ပါသည်။
ဥစ္စာ စုဆောင်းခြင်း၊ မမျှော်လင့်ထားသော ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ နောင်ရေးအတွက် ပြင်ဆင်ခြင်း၊ အိမ်ဝယ်ရန်၊ သားသမီး ကျောင်းအပ်ခ စသဖြင့် ငွေအလုံးအရင်း ပြင်ဆင်ရန်အတွက် ငွေစုခြင်းကို လုပ်ရပါမည်။ ငွေစုရန်အတွက် ဘဏ်တွင် အကောင့် ဖွင့်ထားသင့်ပါသည်။
စမတ်ဖုန်းကဲ့သို့သော ရွေ့လျားဆက်သွယ်ရေးစက်များဖြင့် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ သွားလာရင်းနှင့်ပင် အသုံးပြုနိုင်သည့်အတွက် အင်တာနက်ဘဏ်ကင်းကဲ့သို့ နေရာကန့်သတ်မှု မရှိသည့် အားသာချက် ရှိပါသည်။
ငွေလွှဲသည့်အခါ အလုံခြုံဆုံးနည်းလမ်းသည် ဘဏ် သို့မဟုတ် စာတိုက်ကဲ့သို့သော တရားဝင် ငွေကြေးဝန်ဆောင်မှု ပေးသည့်ဌာနများကို အသုံးပြုသော နည်းလမ်းဖြစ်သည်။ ငွေလွှဲအကျိုးဆောင်များ(ပွဲစား)မှတစ်ဆင့် လွှဲခြင်းသည် မြန်ဆန်ပြီး ဝန်ဆောင်ခ သက်သာသည်ဟု ထင်ရသော်လည်း၊ ပွဲစားက ကြားမှ ငွေယူပြီး ထွက်ပြေးသည့် ကိစ္စရပ်များ အဖြစ်များပါသည်။ ငွေလိမ်ခံရပါက ပိုက်ဆံ ပြန်ရရန် လက်တွေ့၌ မဖြစ်နိုင်သည့်အတွက် ငွေလွှဲအကျိုးဆောင်များ(ပွဲစား)ဖြင့် လွှဲခြင်းကို ရှောင်ရှားသင့်ပါသည်။
အများအားဖြင့် ဖုန်းဆက်ခြင်း၊ စာပို့ခြင်းဖြင့် ကာစတန်များထံ မဟုတ်မမှန်သည်များကို လုပ်ကြံပို့ပြီး ဘဏ်အပ်ငွေ သို့မဟုတ် ငွေသားများကို လွှဲပေးအောင် လုပ်ပြီး လိမ်လည်ရယူသော အပြုအမူဖြစ်သည်။
သားသမီးနှင့် မိဘ၏ ဖုန်းနံပါတ် စသည်တို့ကို သိထားသော လူလိမ်မှ သားသမီး၏ ဖုန်းနံပါတ်ဖြင့် ခေါ်ဆိုသူနံပါတ် ပေါ်အောင်လုပ်ပြီး၊ မိဘများထံ ဆက်သွယ်ကာ သားသမီးမှ မတော်တဆမှု သို့မဟုတ် ပြန်ပေးဆွဲခံရသည့် အခြေအနေမျိုး ဟန်ဆောင်ဖန်တီးပြီး မိဘများဆီမှ ငွေကြေး လိမ်လည်တောင်းခံသော နည်းလမ်းဖြစ်ကာ ကျောင်းသွားသော သားသမီးအား ပြန်ပေးဆွဲထားသယောင်ဆောင်ခြင်း၊ စစ်မှုထမ်းနေသော သားမှာ မတော်တဆထိခိုက်မှု ဖြစ်သကဲ့သို့ ဖန်တီးခြင်း၊ ပညာသင်သွားနေသော သားသမီးအား ပြန်ပေးဆွဲခြင်း သို့မဟုတ် မတော်တဆထိခိုက်မှု ဖြစ်သကဲ့သို့ လိမ်ညာဖန်တီးခြင်း စသည့် ပုံစံများ ဖြစ်ပါသည်။
အခြားသူ၏ အင်တာနက် မက်ဆင်ဂျာ အိုင်ဒီနှင့် လျှို့ဝှက်နံပါတ်ကို ခိုးယူ(ဟက်ကင်းလုပ်)ပြီး အကောင့်ဝင်ပြီးနောက် အကောင့်ထဲ ရှိသည့် မိသားစု၊ သူငယ်ချင်း စသည့် အသိမိတ်ဆွေများထံ 1:1 မက်ဆေ့ဖြင့်ပြောခြင်း သို့မဟုတ် စာတိုချန်ခြင်း စသည့် နည်းလမ်းများဖြင့် ငွေကြေး၊ ယာဉ်မတော်တဆမှု ညှိနှိုင်းခ အစရှိသော အရေးပေါ်ငွေကြေးများ တောင်းခံခြင်း၊ ၎င်းအား နစ်နာသူမှ ယုံပြီး ငွေလွှဲမိပါက ထိုငွေကို လိမ်ယူသွားခြင်း
ငွေကြေးကုမ္ပဏီ သို့မဟုတ် ငွေကြေးစောင့်ကြည့်စစ်ဆေးရေးဌာနမှ ပို့သော ကြေညာစာ(လုံခြုံရေးမြှင့်တင်ရန်၊ ကိုယ်ရေးအချက်အလက် ပေါက်ကြားမှု စစ်ဆေးရန် စသဖြင့်)ကဲ့သို့ မက်ဆေ့များ ပို့ပြီး phishing siteထဲ ဝင်လာအောင် လုပ်ပြီးနောက် ဘဏ်အသုံးပြုခြင်းဆိုင်ရာ အချက်အလက်များကို ဖြည့်စွက်ခိုင်းပြီး ၎င်း အချက်အလက်များဖြင့် နစ်နာသူ အမည်ကို သုံးကာ ချေးငွေ ထုတ်ယူခြင်း စသည့် ငွေလိမ်နည်း
အသက် 50~70ကျော် အသက်ကြီးရင့်သူများကို အဓိကထားကာ ဖုန်းဆက်သွယ်ပြောဆိုပြီး telebanking မန်ဘာဝင်ထားခြင်းရှိမရှိ စစ်ဆေးခြင်း သို့မဟုတ် မန်ဘာဝင်ခိုင်းခြင်း ပြုလုပ်ပြီးနောက် နာမည်အလွဲသုံးစားလုပ်ခြင်း၊ အချက်အလက် ပေါက်ကြားခြင်း၊ ပြစ်မှုများနှင့် ငြိစွန်းခြင်း စသော အမျိုးမျိုးသော ခေါင်းစဉ်ဖြင့် နစ်နာသူများကို လှည့်ဖျားကာ telebankingအတွက် လိုအပ်သော အချက်အလက်များ(နိုင်ငံသားမှတ်ပုံတင်နံပါတ်၊ ငွေလွှဲ လျှို့ဝှက်နံပါတ်၊ ဘဏ်စာအုပ်လျှို့ဝှက်နံပါတ်၊ လုံခြုံရေးကတ် serial နံပါတ်၊ လုံခြုံရေးကတ် ကုဒ် စသည်)ကို ရယူပြီး နစ်နာသူ ဘဏ်အကောင့်ထဲမှ ငွေများကို လူလိမ်အကောင့်ထဲကို လွှဲပြောင်းယူသော လိမ်နည်း
အမှုစစ်ဌာန ဝန်ထမ်းအယောင်ဆောင်ပြီး နစ်နာသူထံ ဖုန်းဆက်ကာ နစ်နာသူ၏ ဘဏ်အကောင့်သည် ရာဇဝတ်မှုတွင် ပါဝင်ပတ်သက်နေသည့်အတွက် လုံခြုံရေးဆိုင်ရာများ လုပ်ဆောင်ရန် လိုအပ်သည်ဟု လိမ်ကာ ငွေသားထုတ်စက်သို့ သွားစေပြီး စက်ကို နှိပ်ခိုင်းပြီး ငွေလိမ်ယူနည်း
နာမည်အလွဲသုံးစားလုပ်ခြင်း၊ အချက်အလက် ပေါက်ကြားခြင်း၊ ရာဇဝတ်မှုတွင် ပါဝင်ပတ်သက်နေခြင်း စသည့် အမျိုးမျိုးသော ခေါင်းစဉ်ဖြင့် နစ်နာသူအား လိမ်လည်ပြီး အကြွေးဝယ်ကတ် အချက်အလက်(ကတ်နံပါတ်၊ လျှို့ဝှက်နံပါတ်၊ CVC နံပါတ်)ကို ရယူပြီးနောက်၊ လူလိမ်သည် ARSမှ တဆင့် နစ်နာသူ၏ အမည်ဖြင့် ကတ်ချေးငွေ ရယူပြီး တစ်ဆက်တည်းတွင် နစ်နာသူထံ ဖုန်းပြန်ဆက်ပြီးနောက် ပြစ်မှုဆိုင်ရာငွေများ ငွေသွင်းထားကြောင်း လိမ်ညာပြောဆိုပြီး နစ်နစ်သူထံ လူလိမ်ဘဏ်အကောင့်ထဲသို့ ငွေလွှဲခိုင်းသော ငွေလိမ်နည်း
ရဲစခန်းဌာန ကုဒ်နံပါတ်မလို☎112၊ အင်တာနက်မြှင့်တင်ရေးအဖွဲ့ ကုဒ်နံပါတ်မလို☎118၊ ငွေကြေးစောင့်ကြည့်စစ်ဆေးရေးဌာန ကုဒ်နံပါတ်မလို☎1332