01အလုပ်လုပ်ခြင်းစံနှုန်းဆိုင်ရာ စနစ်များ
(1)အလုပ်စာချုပ်
အလုပ်ရှင်သည် အလုပ်အလုပ်သမားစာချုပ်အား ချုပ်ဆိုသည့်အခါ လုပ်ခလစာ၊ သတ်မှတ်အလုပ်ချိန်၊ နားရက်၊ လုပ်သက်လစာပြည့်ခွင့်၊ အလုပ်လုပ်ရမည့် နေရာနှင့် လုပ်ငန်းတာဝန်၊ အလုပ်စတင်ချိန်နှင့် အလုပ်သိမ်းချိန်၊ နားချိန်၊ စသည်တို့ကို အတိအကျ ဖော်ပြထားရမည်ဖြစ်ပြီး၊ အထူးသဖြင့် လုပ်ခလစာ၊ သတ်မှတ်အလုပ်ချိန်၊ ပိတ်ရက်၊ လုပ်သက်လစာပြည့်ခွင့်နှင့် ပတ်သက်သော အကြောင်းအရာများ အတိအကျ ပါဝင်သည့် စာချုပ်စာတမ်းအား အလုပ်သမားထံ ပေးထားရမည်ဖြစ်ပါသည်။
(2)အလုပ်သမားဥပဒေ၏ အကျုံးဝင်မှုနယ်ပယ်
- ပုံမှန် အလုပ်သမား 5ဦးနှင့်အထက် ရှိသော လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွင်များတွင် အကျုံးဝင်ပါသည်။
- ပုံမှန် အလုပ်သမား4 ဦးအောက် လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွင်များမှာ အလုပ်သမားဥပဒေ၏ အချို့သော အချက်များသာ အကျုံးဝင်ပါသည်။
- အလုပ်သမားဥပဒေပြဋ္ဌာန်းချက် ပူးတွဲပါ 1အား ကိုးကားရန်
(3)လုပ်ခလစာ ပေးခြင်း
- လုပ်ငန်းရှင်သည် လုပ်ခလစာကို ငွေသားဖြင့် ကိုယ်တိုင်၊ လစာအပြည့်ကို လစဉ် 1ကြိမ်နှင့်အထက် ရက်တစ်ခု သတ်မှတ်ပြီး ပုံမှန် ပေးရမည်ဖြစ်ပြီး၊ အချိန်ပိုဆင်းခြင်း၊ ညဆိုင်းဆင်းခြင်း၊ ပိတ်ရက်ဆင်းခြင်း စသည့် အခြေအနေများတွင် ထပ်တိုး လစာအား ပေးရမည် ဖြစ်ပါသည်။
- ထို့အပြင် လုပ်သားထံ လစာ ထုတ်ပေးသည့်အခါ လစာ စုစုပေါင်း၊ လစာထဲ ပါဝင်သည့် အချက် တစ်ခုချင်းအလိုက် ပမာဏ စသည်တို့ကို ဖော်ပြထားသော လစာရှင်းတမ်းကို ထုတ်ပေးရမည် ဖြစ်ပါသည်။
လစာကြွေးကျန် စသည့် တိုင်ကြားမှုများ ဆောင်ရွက်ပုံအဆင့်ဆင့်
လုပ်ခလစာနှင့် ပင်စင်ကြေး စသည်တို့ မရသည့်အခါ၊ လုပ်ငန်းရှင် သို့မဟုတ် ကြီးကြပ်သူ၏ အကြမ်းဖက်မှု ခံရသည့်အခါ၊ အချိန်ကြာမြင့်စွာ အလုပ်လုပ်ရခြင်းနှင့် မိမိ၏ ဆန္ဒမပါဘဲ အတင်းအကြပ် ခိုင်းစေမှု ခံရသည့်အခါ စသည့် ဥပဒေချိုးဖောက်မှုများရှိပါက ထိုလုပ်ငန်းခွင်အပိုင် အလုပ်သမားဌာနသို့ တိုင်ကြားနိုင်ပါသည်။(စုံစမ်းရန်: ကာစတန်မာ ဆွေးနွေးမှုစင်တာ ☎1350)
(4)အလုပ်ဖြုတ်ခြင်း
အလုပ်ရှင်သည် အလုပ်သမားအား ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ အလုပ်ဖြုတ်ခွင့် မရှိပါ။ အလုပ်ရှင်မှ အလုပ်သမားအား အကြောင်းပြချက် မရှိဘဲ အလုပ်ဖြတ်ပါက အလုပ်သမားသည် အလုပ်ဖြုတ်ခံရသည့် ရက်မှစပြီး 3လအတွင်း သက်ဆိုင်ရာ ဒေသ အလုပ်သမားရေးရာကော်မတီသို့ အကူအညီတောင်းခံနိုင်ပါသည်။
(5)အလုပ်ထုတ်ရန် ကြိုတင်အသိပေးခြင်း
အလုပ်ရှင်သည် အလုပ်သမားက ဆက်တိုက် အလုပ်လုပ်နေသော ကာလသည် 3လအောက်ဖြစ်ပါက သဘာဝဘေးအန္တရာယ် ကျရောက်ပြီး မလွှဲသာသည့် အကြောင်းရင်းကြောင့် အလုပ်ငန်းဆက်လုပ်ရန် မဖြစ်နိုင်တော့သည့်အခါ၊ အလုပ်သမားဘက်မှ တမင်တကာ လုပ်ငန်းအပေါ် ကြီးမားသော အနှောင့်အယှက်ဖြစ်စေခြင်း၊ ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်စေသည့် အကြောင်းများဖြင့် အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာနအမိန့်ဖြင့် သတ်မှတ်ထားသော အကြောင်းရင်းများတွင် အကျုံးဝင်သည့် အချက်မှ လွဲပြီး၊ အလုပ်သမားအား အလုပ်ဖြုတ်လိုလျှင် အနည်းဆုံး ရက် 30ကြိုပြီး အသိပေးရမည် ဖြစ်ပြီး၊ ထိုကဲ့သို့ ရက် 30ကြိုပြီး မပြောပါက ရက် 30နှင့်အထက် ရှိသော ပုံမှန်လုပ်ခလစာအား ပေးရမည် ဖြစ်ပါသည်။
(6)အလုပ်လုပ်ချိန်
- အလုပ်သမားဥပဒေအရ အလုပ်သမား5ဦးနှင့်အထက် ရှိသော လုပ်ငန်းခွင်သည် 1ပတ်လျှင် နားချိန် မပါဘဲ နာရီ 40ထက် ကျော်လွန်ပြီး အလုပ်ခိုင်းခွင့် မရှိဘဲ၊ 1ရက် အလုပ်လုပ်ချိန်သည် နားချိန် မပါဘဲ 8နာရီထက် ကျော်လွန်၍ မရပါ။
(7)နားချိန်
- နားချိန်သည် 4နာရီကြာ အလုပ်လုပ်ပြီးတိုင်း မိနစ် 30၊ 8နာရီ အလုပ်လုပ်လျှင် 1နာရီနှင့်အထက် နားချိန် ပေးရမည်ဖြစ်ပါသည်။
- နားချိန်ကို အလုပ်သမားမှ လွတ်လပ်စွာ အသုံးပြုခွင့် ရှိပြီး၊ အလုပ်ရှင်သည် နားချိန်အတွက် လုပ်ခလစာ ပေးရန် မလိုပါ
(8)အချိန်ပိုဆင်းခြင်း၊ ညဆိုင်းဆင်းခြင်း၊ ပိတ်ရက်ဆင်းခြင်း
- ဥပဒေအရ သတ်မှတ်အလုပ်ချိန်ဖြစ်သည့် တစ်ပတ်လျှင် နာရီ 40 သို့မဟုတ် တစ်ရက်လျှင် 8နာရီ အလုပ်လုပ်ချိန်ထက် ကျော်လွန်ပြီး အလုပ်လုပ်ခြင်းကို အချိန်ပိုဆင်းခြင်းဟု ခေါ်ပါသည်။
- ညဆိုင်းဆင်းခြင်းမှာ ည 10နာရီမှ နောက်နေ့ မနက် 6နာရီအထိ အလုပ်လုပ်ခြင်းကို ခေါ်ပါသည်။
- ပိတ်ရက်ဆင်းခြင်းဆိုသည်မှာ ဥပဒေဖြင့် သတ်မှတ်ထားသော ပိတ်ရက်(အပတ်စဉ်ပိတ်ရက်၊ အလုပ်သမားနေ့ စသည်) သို့မဟုတ် စာချုပ်ပါ ပိတ်ရက်များ(ကုမ္ပဏီမှ သတ်မှတ်သော ပိတ်ရက်)များတွင် အလုပ်လုပ်ခြင်းကို ဆိုလိုပါသည်။
- အချိန်ပိုနှင့် ညဆိုင်းဆင်းသည့်အခါ ပုံမှန်လုပ်ခလစာ၏ 1.5ဆ သတ်မှတ်ထားပါသည်။
- ပိတ်ရက်အလုပ်ဆင်းသည့်အခါ တစ်ရက် 8နာရီအောက် အလုပ်လုပ်ခြင်းအတွက် ပုံမှန်လုပ်ခလစာ၏ 1.5ဆ၊ တစ်ရက် 8နာရီထက် ကျော်လွန်ပြီး လုပ်ခြင်းနှင့် ပတ်သက်၍ ပုံမှန်လုပ်ခလစာထက် 2ဆ သတ်မှတ်ထားပါသည်။(‘18.3.20 ဥပဒေ ပြင်ဆင်ချက်)။
- နှစ်ဦးနှစ်ဖက် သဘောတူညီပါက 1ပတ်လျှင် 12နာရီအထိ အချိန်ပိုနာရီ ထပ်တိုးပြီး လုပ်နိုင်ပါသည်။
(9)အဆိုင်းခွဲပြီး အလုပ်လုပ်ခြင်း
- ကုန်ထုတ်လုပ်ငန်းများသည် 24နာရီ လည်ပတ်နေရသည့်အတွက် ကုမ္ပဏီမှ အလုပ်သမားများကို အဖွဲ့ 2ဖွဲ့ သို့မဟုတ် 3ဖွဲ့ခွဲပြီး အလှည့်ကျ အလုပ်လုပ်စေခြင်းများလည်း ရှိပြီး၊ ၎င်းကို အဆိုင်းခွဲပြီး အလုပ်လုပ်ခြင်းဟု ခေါ်ပါသည်။
- အဆိုင်းခွဲစနစ်ဖြင့် အလုပ်လုပ်သည့်အခါ အချို့သော စက်ရုံများတွင် လုပ်သားများသည် 1ပတ်ခြားစီ နေ့ဆိုင်းအဖွဲ့နှင့် ညဆိုင်းအဖွဲ့ တစ်လှည့်စီ တာဝန်ထမ်းဆောင်ကြရသည့်အခါလည်း ရှိပါသည်။
- ထိုစနစ်နှင့် မတူဘဲ နေ့ဆိုင်းအဖွဲ့နှင့် ညဆိုင်းအဖွဲ့ကို အစကတည်းက ခွဲထားသော စက်ရုံများလည်း ရှိပါသည်။
(10)လုပ်ငန်းခွင် စည်းမျဉ်းများ
- ပုံမှန် လုပ်သား 10ဦးနှင့်အထက် လုပ်ငန်းခွင်သည် လုပ်ငန်းခွင် စည်းမျဉ်းများကို ရေးသားပြီး လုပ်သားအား လွတ်လပ်စွာ ကြည့်ရှုခွင့် ပေးရပါသည်။ ၎င်းတွင် အလုပ်လုပ်ချိန်နှင့် နားချိန်၊ အလုပ်တာဝန်နှင့် ပတ်သက်သော အချက်များ၊ လုပ်ငန်းခွင် ဘေးကင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အချက်များ စသည်တို့ ပါဝင်နေပါသည်။
02အနိမ့်ဆုံးလုပ်ခလစာစနစ်
လုပ်သားများ၏ အနိမ့်ဆုံးအဆင့် နေထိုင်စားသောက်နိုင်ရေးအတွက် ဥပဒေဖြင့် သတ်မှတ်ထားသော လုပ်ခလစာရှိပြီး ၎င်းကို အနိမ့်ဆုံးလုပ်ခလစာဟု ခေါ်ပါသည်။
- လုပ်သား ခန့်ထားသော လုပ်ငန်းအားလုံး သို့မဟုတ် လုပ်ငန်းခွင်အားလုံးတွင် အကျုံးဝင်ပါသည်။
- 2025ခုနှစ် အနိမ့်ဆုံးလုပ်ခလစာမှာ 1နာရီကို ဝမ် 10,030၊ 1ရက်လျှင် ဝမ်80,240(အလုပ်ချိန် 8နာရီ စံနှုန်း)ဖြစ်ပါသည်။
- အလုပ်သမားဥပဒေအရ လုပ်သား အားလုံးသည် အနိမ့်ဆုံးလုပ်ခလစာတွင် အကျုံးဝင်ပါသည်။
03ပင်စင်ခံစားခွင့် အာမခံချက်စနစ်
လုပ်သားသည် 1နှစ်အထက် ဆက်တိုက် အလုပ်လုပ်ခဲ့ပါက ပင်စင်ကြေး ရနိုင်ပါသည်။
- ပင်စင်ကြေး ရရှိရန် အလုပ်သမားဥပဒေနှင့် ညီသော လုပ်သားဖြစ်ရပါမည်။
- 4ပတ်တာ ပျမ်းမျှတွက်ချက်ပြီး 1ပတ်တာ အလုပ်ချိန်သည် 15နာရီအောက်ဖြစ်ပါက ပင်စင်ကြေးစနစ်တွင် အကျုံးမဝင်ပါ။
04လုပ်ခလစာကြွေးကျန်အာမခံစနစ်
လုပ်ငန်းရှင်၏ ဒေဝါလီခံခြင်း စသည့် အကြောင်းရင်းကြောင့် အလုပ်သမားမှ လုပ်ခလစာ၊ ပင်စင်လစာ စသည်တို့ကို မရနိုင်သည့် အခြေအနေတွင် နိုင်ငံတော်မှ အောက်ပါအတိုင်း အာမခံချက်များ ပေးပါသည်။
- နောက်ဆုံး 3လစာ လုပ်ခလစာ : အလုပ်ထွက်သည့်ရက် သို့မဟုတ် အမှန်တကယ် အလုပ်နားသည့် နေ့မှစပြီး ရှေ့က 3လတာ အလုပ်လုပ်ပြီး ရရန်ရှိသော လုပ်ခလစာ
- နောက်ဆုံး 3လစာ၏ အလုပ်ပိတ်သိမ်းမှုဆိုင်ရာ လစာ : အလုပ်ထွက်သည့်ရက် သို့မဟုတ် အမှန်တကယ် အလုပ်နားသည့် နေ့မှစပြီး ရှေ့ 3လတာ၏ အလုပ်ပိတ်သိမ်းမှုဆိုင်ရာ လစာ
- နောက်ဆုံး 3လစာ မီးမဖွားမီနှင့် မီးဖွားပြီးခွင့်ကာလအတွင်း ခံစားခွင့်လစာ: အလုပ်ထွက်သည့်ရက် သို့မဟုတ် အမှန်တကယ် အလုပ်နားသည့် နေ့မှစပြီး ရှေ့3လတာ၏ မီးမဖွားမီနှင့် မီးဖွားပြီးခွင့်ကာလအတွင်း ခံစားခွင့်လစာ
- နောက်ဆုံး 3နှစ်တာ၏ ပင်စင်ခံစားခွင့် : အလုပ်ထွက်သည့် ရက်စွဲဖြင့် ရှေ့3နှစ်တာကာလ၏ ဥပဒေအရ သတ်မှတ်ထားသည့် ပင်စင်ခံစားခွင့်(ရက် 90စာ၏ ပျမ်းမျှ လုပ်ခလစာ)
- အလုပ်လုပ်နေသူဖြစ်ပါက တရားစွဲဆိုခြင်း သို့မဟုတ် တိုင်ကြားခြင်း စသည်တို့ ဆောင်ရွက်သည့် ရက်စွဲဖြင့် နောက်ဆုံး ကြွေးကျန်သည့် ရက်မှစပြီး ရှေ့3လစာ လုပ်ခလစာ(သို့မဟုတ် အလုပ်ပိတ်သိမ်းမှုဆိုင်ရာ လစာ၊ မီးမဖွားမီနှင့် မီးဖွားပြီးခွင့်ကာလအတွင်း လစာ)ထဲမှ ကြွေးကျန်ပမာဏ၊ ပင်စင်ခံစားခွင့်မှာ အကျုံးမဝင်ပါ။
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။