ဒါနူရီကောလ်စင်တာ
1577-1366
မိသားစုဆွေးနွေးမှုဖုန်းနံပါတ်
1644-6621
한국생활안내 정보더하기 사이트로 이동

နေထိုင်မှုဘဝ

  • ပင်မစာမျက်နှာ
  • ကိုရီးယားယဉ်ကျေးမှုနှင့် လူနေမှုဘဝ
  • နေထိုင်မှုဘဝ

နေထိုင်မှုဘဝ

01နေအိမ်အမျိုးအစားများ

ကိုရီးယားနိုင်ငံ၏ နေထိုင်မှုပုံစံများကတော့ လုံးချင်းအိမ်၊ တိုက်ခန်း၊ အခန်းဖွင့်တိုက်ခန်း(Officetel), အိမ်ထောင်စုများ စုဝေးနေထိုင်သော အိမ်ရာများ စသည်တို့ ရှိပါသည်။ ယခုနောက်ပိုင်းတွင် မြို့နေ ကိုရီးယားလူမျိုးများသည် နေထိုင်မှု အဆင်ပြေစေရန် တိုက်ခန်း အစရှိသော အများစု စုဝေးနေထိုင်ကြသော အိမ်ရာများကို ပိုမို ကြိုက်နှစ်သက်ကြသည်။ ကိုရီးယားလူမျိုးများသည် အိမ်ရာ ပိုင်ဆိုင်မှုအပေါ် ကြီးမားသော အဓိပ္ပါယ်များ ထားရှိကြပါသည်။ ကိုရီးယားနိုင်ငံတွင် အိမ်စျေးမှာ အင်မတန် စျေးကြီးပြီး၊ ကျေးရွာများထက် မြို့မှ အိမ်စျေးသည် အများကြီး စျေးကြီးပါသည်။

02အိမ် ဝယ်ယူခြင်းနှင့် ငှားရမ်းခြင်း စာချုပ် စသည်များ

(1)အိမ်ဝယ်ယူခြင်း

အိမ်ဝယ်ယူသည့်အခါအိမ်၏ တည်နေရာနှင့် ဦးတည်ဘက်၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေမှု၊ အနီးနားပတ်ဝန်းကျင် စသည်တို့ကို သေချာကြည့်ရပါသည်။ ဝယ်ယူမည့် အိမ်ကို စိတ်ဆုံးဖြတ်ပြီးနောက် ၎င်းအိမ်၏ အိမ်ခြံမြေမှတ်ပုံတင်မှတ်တမ်း စသည်ကို ထုတ်ကြည့်ပြီး ပိုင်ဆိုင်ခွင့်၊ အပေါင်ထားခြင်း စသည့် အချက်အလက်များကို စစ်ဆေးကာ နစ်နာမှုများ မကြုံရအောင် လုပ်ရပါသည်။ နောက်ဆုံးအနေနှင့် အိမ်ဝယ်ယူရန် စာချုပ်ချုပ်သည့်အခါတွင်မူ လိုအပ်သော အချက်များကို တိကျစွာ ရေးသားပြီး နစ်နာဆုံးရှုံးမှုများ မရှိအောင် ဆောင်ရွက်ရန် လိုအပ်ပါသည်။

(2)လခမလို စပေါ်ငွေများစွာတင်ရသော အိမ်ငှားစနစ်(jeonse)

ကိုရီးယားမှာသာ တွေ့ရတတ်သည့် ထူးခြားသော အိမ်ငှားရမ်းမှု နည်းလမ်းတစ်ခု ဖြစ်ပါသည်။ အိမ်ပိုင်ရှင်ထံ စပေါ်ငွေပေးကာ အချိန်အတိုင်းအတာ တစ်ခုအထိ ၎င်းအိမ်၌ နေထိုင်ပြီး၊ စာချုပ်သက်တမ်း ကုန်သွားပါက စပေါ်ငွေ အားလုံး ပြန်ရပါသည်။ အိမ် တစ်လုံးလုံး ငှားရမ်းမှုလည်း လုပ်နိုင်ပြီး၊ တစ်စိတ်တစ်ဒေသ(တစ်လွှာ၊ သို့မဟုတ် အခန်း 1~2ခန်း)သာ ငှားရမ်းခြင်းများလည်း ပြုလုပ်နိုင်ပါသည်။ အိမ်တစ်အိမ်လုံး ငှားရမ်းသည့်အခါ စပေါ်ငွေသည် ၎င်းအိမ် ပေါက်စျေး၏ 40~80% ခန့်ရှိပါသည်။ jeonseအငှားစာချုပ်ကို ပုံမှန်အားဖြင့် 2နှစ်(Officetelသည် 1နှစ်) ချုပ်ပြီး၊ အိမ်ပိုင်ရှင်သည် အိမ်ငှားဘက်မှ အိမ်ပြောင်းရန် ဆန္ဒမရှိပါက 2နှစ်အတွင်း စာချုပ်ကို ဖျက်သိမ်းခွင့် မရှိကြောင်း ဥပဒေဖြင့် ကန့်သတ်ထားပါသည်။ တစ်နည်းအားဖြင့် အိမ်ငှားရမ်းမှု ကာကွယ်ရေးဥပဒေအရ 1နှစ် စာချုပ်ဆိုသော်ငြားလည်း အိမ်ငှားဖက်မှ ဆန္ဒရှိပါက 2နှစ်အထိ နေထိုင်နိုင်ပါသည်။

(3)စပေါ်ငွေထဲမှ လခနှုတ်ယူသော အိမ်ငှားစနစ်(ban-jeonse)

အိမ်ရာစျေးကွက် အချိန်ကြာမြင့်စွာ ငြိမ်သက်နေမှု၊ ဘဏ်အတိုးနှုန်း ဆက်တိုက် လျော့နည်းလာမှုတို့ကြောင့် အိမ်ပိုင်ရှင်များဖက်မှ နဂိုထားရှိသော jeonseစပေါ်ငွေကို စပေါ်ငွေနှင့်လခအဖြစ် ခွဲဝေပြီး အိမ်လခ ယူသော အိမ်ခြံမြေစျေးကွက်ပုံစံသည် ကိုရီးယားတွင် ခေတ်စားနေပါသည်။ jeonseအငှားအိမ် 10လုံးတွင် 3လုံးခန့်သည် ban-jeonseအငှားအိမ်ဟု ယူဆနိုင်ပါသည်။ ယခုနောက်ပိုင်းတွင် မြင့်တက်လာသည့် jeonseစပေါ်ငွေကို လုံးဝ လစာပုံစံဖြင့် ပြောင်းလဲတွက်ချက်ပြီး(ပုံမှန်အားဖြင့် ဘဏ်အပ်ငွေ အတိုးနှုန်း၏ 2ဆ) အိမ်ငှားများဆီမှ အိမ်လခယူခြင်းသည် ခေတ်စားနေပါသည်။ ဥပမာအားဖြင့် 2နှစ်အတွင်း jeonseစပေါ်ငွေ ဝမ် သိန်း 3ထောင်မှ ဝမ် သိန်း 4ထောင်အထိ တက်သွားပါက တက်သွားသော ဝမ် သိန်း 1ထောင်ကို အိမ်လခအနေနှင့် ပြောင်းလဲတွက်ချက်ပြီး စပေါ်ငွေ ဝမ် သိန်း 3ထောင်ထဲမှ လစဉ် အိမ်လခ ဝမ် 400,000~600,000 ယူနေကြပါသည်။

jeonseအိမ်စပေါ်ငွေ ပြန်အမ်းမှုအာမခံ

jeonseစပေါ်ငွေစနစ်ဖြင့် ငှားရမ်းနေထိုင်သော အိမ်ငှားသည် စပေါ်ငွေ ပြန်မရနိုင်သော အခြေအနေအတွက် ကြိုတင်ပြင်ဆင်ပြီး၊ အိမ်ရာမြို့ပြအာမခံဌာန(HUG, www.khug.or.kr)၏ ‘jeonseအိမ်စပေါ်ငွေ ပြန်အမ်းမှုအာမခံ’ကို ဝင်ထားနိုင်ပါသည်။

(4)အိမ်လခ လစဥ် သွင်းရသော အိမ်ငှားစနစ်

ငွေကြေးပမာဏတစ်ခုအား စပေါ်ငွေအဖြစ် တင်ထားပြီး လစဉ် အသုံးပြုခ ပေးချေရသော ငှားရမ်းမှု စနစ်တစ်ခုဖြစ်ပါသည်။ သို့သော် တူညီသော အကျယ်အဝန်းနေရာတစ်ခုကို ငှားရမ်းသည့်အခါ jeonseစပေါ်ငွေထက် ရိုးရိုးစပေါ်ငွေသည် အများကြီး နည်းပါသည်။ စာချုပ်ချုပ်သည့်အခါ အိမ်ပိုင်ရှင်နှင့် သေချာ ပြောပြီး စပေါ်နှင့် လစဉ် အသုံးပြုခကို ညှိနှိုင်းနိုင်ပါသည်။ စပေါ်ငွေ တိုးလာပါက လစဉ် အသုံးပြုခသည် နည်းသွားပြီး၊ စပေါ်ငွေ လျှော့ချပါက လစဉ် အသုံးပြုခသည်လည်း ထိုအတိုင်း တိုးလာပါသည်။ အိမ်လခသည် အခန်း အကျယ်အဝန်းနှင့် အရေအတွက်၊ အဆောက်အဦပေါ် မူတည်ပြီး အနည်းငယ် ကွာခြားပါသည်။ jeonseစပေါ်ဖြင့် ငှားရမ်းမှု သို့မဟုတ် အိမ်လခဖြင့် ငှားရမ်းမှု စာချုပ်တွင် အခွန်အခ(မီတာခ၊ ရေဖိုး၊ ဂတ်စ်ဖိုး၊ ဖုန်းဘေလ်ဖိုး၊ အင်တာနက် အသုံးပြုခ၊ TV ချန်နယ်လ်ဖိုး စသဖြင့်)များ မပါဝင်သည့်အတွက် အိမ်ငှားမှ သပ်သပ် ကျခံရမည်ဖြစ်သည်။ ပရိဘောဂနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ မပါဝင်သည့်အတွက် သပ်သပ် ပြင်ဆင်ရမည် ဖြစ်သော်လည်း အိမ်ထောင်စုများ စုပေါင်းနေထိုင်ရာ အိမ်ရာများ officetelကဲ့သို့သော နေရာများဖြစ်ပါက ရေခဲသေတ္တာနှင့် အဝတ်လျှော်စက် စသည့် အခြေခံ အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ထည့်ပေးထားသော နေရာများ များပါသည်။

နှစ်ချုပ်ငှားရမ်းခြင်းစနစ်

ပြည်တွင်း၌ နေထိုင်လျက်ရှိသော နိုင်ငံခြားသားများ သို့မဟုတ် နိုင်ငံခြားသွေးနှောမိသားစုအား အများအားဖြင့် ‘နှစ်ချုပ်ငှားရမ်းခြင်းစနစ်’ဟု ခေါ်ဆိုပြီး 1~3နှစ်စာ အိမ်ငှားခကို တစ်ခါတည်း အပြီး ကြိုချေခိုင်းသည့် အိမ်ပိုင်ရှင်များလည်း ရှိတတ်ပါသည်။ (ဂျယ်ဂျူဒိုဒေသတွင်မူ ယခင်ကတည်းက တစ်နှစ်စာ အိမ်ငှားခကို တစ်ခါတည်း အပြီးချေရသော ‘နှစ်ချုပ်ငှားရမ်းခြင်းစနစ်’မှာ ပုံမှန်ကိစ္စဖြစ်ပါသည်။)

(5)အဆောင်

ကုမ္ပဏီ သို့မဟုတ် ကျောင်းမှ စီစဉ်ပေးသော အဆောင်ကို ဆိုလိုပါသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုနည်းပညာသင်တန်းသား(D-3)နှင့် EPSစနစ် E-9ဗီဇာဖြင့် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသော အလုပ်သမားများအတွက် ကုမ္ပဏီမှ အဆောင်များ စီစဉ်ပေးကြသော်လည်း ကုမ္ပဏီဖက်မှ မဖြစ်မနေ အဆောင် စီစဉ်ပေးရမည့် တာဝန်မရှိပါ။

(6)အိမ်ရှာသည့်အခါ စစ်ဆေးကြည့်ရမည့် အချက်

ကိုရီးယားနိုင်ငံတွင် အိမ်ရှာသည့် နည်းလမ်းမှာ အမျိုးမျိုး ရှိပါသည်။ လမ်းမှာ ကပ်ထားသည့် ကြော်ငြာစာရွက်ကို ကြည့်ပြီး ကိုယ်တိုင်စုံစမ်းပြီး အိမ်ရှာသည့် နည်းလမ်း ရှိသော်လည်း သမားရိုးကျနည်းလမ်းအနေဖြင့် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှတဆင့် ရှာခြင်းဖြစ်ပါသည်။ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှတဆင့် အိမ်ရှာလျှင် အိမ်ရှာသည့်အခါ စစ်ဆေးရမည့် အချက်များကို ကိုယ်စားစစ်ဆေးပေးပြီး၊ စာချုပ်ချုပ်သည့်အခါ လိုအပ်သည့် စာရွက်စာတမ်းများကို ပြင်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဥပဒေနှင့်ဆိုင်သော ပြဿနာများအတွက် ပိုပြီး ယုံကြည်စိတ်ချစွာ ငှားရမ်းနိုင်ပါသည်။ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှတစ်ဆင့် အိမ်ရှာလျှင် အိမ်ငှားခပေါ် မူတည်ပြီး ဥပဒေအရ သတ်မှတ်ထားသည့် အကျိုးဆောင်ခကို ပေးဆောင်ရမည် ဖြစ်ပြီး အင်တာနက်မှ အကျိုးဆောင်ခကို ကြိုပြီး ရှာကြည့်ထားခြင်းသည် အထောက်အကူဖြစ်နိုင်ပါသည်။

  • လက်ရှိ အိမ်ခြံမြေအကျိုးဆောင်ခသည် အရောင်းအဝယ်ပမာဏပေါ် မူတည်ပြီး နှုန်းထား သတ်မှတ်ထားပါသည်။ ပိုတောင်းပါက မြို့၊ ခရိုင်၊ မြို့နယ် မြေစာရင်းဌာနတွင် ဖွဲ့စည်းထားသော ဥပဒေမဲ့အကျိုးဆောင်မှု တိုင်ကြားရေးစင်တာသို့ တိုင်ကြားနိုင်ပါသည်။

(7)စာချုပ်ချုပ်ဆိုခြင်း

စာချုပ်ချုပ်ဆိုခွင့်ရှိသူ

စာချုပ်သည် အိမ်ပိုင်ရှင်နှင့် ချုပ်ဆိုရပါမည်။ စာချုပ်တွင် နေထိုင်မည့် ကာလ၊ စပေါ်ငွေပမာဏ၊ အိမ်လခ ငွေပမာဏ စသည်တို့ ပါရှိရပါမည်။ သို့သော် ရံဖန်ရံခါ အိမ်ပိုင်ရှင်နှင့် တိုက်ရိုက် မချုပ်ဘဲ ထိုအခန်းတွင် နေထိုင်လျက်ရှိသော အိမ်ငှားနှင့် စာချုပ်ချုပ်ပြီးနောက် ထိုလူ့ထံ စပေါ်ငွေ ပေးချေသည့် အခါမျိုးလည်း ရှိပါသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အကယ်၍ အိမ်ပိုင်ရှင်မှ ၎င်း စာချုပ်ပါ အကြောင်းအရာများကို အသိအမှတ်မပြုခဲ့လျှင် စပေါ်ငွေ လုံးဝ ပြန်မရနိုင်တော့ပါ။
ထို့အတွက်ကြောင့် စာချုပ်ချုပ်ဆိုသည့်အခါ သက်ဆိုင်ရာ အိမ်ပိုင်ရှင်က မည်သူမည်ဝါဖြစ်ကြောင်း သေချာစွာ စစ်ဆေးပြီး ပိုင်ရှင်သို့မဟုတ် ပိုင်ရှင်၏ ကိုယ်စားလှယ်လွှဲခြင်းခံရသူ၏ စာရွက်စာတမ်း(တံဆိပ်တုံး မှန်ကန်ကြောင်း သက်သေစာရွက်နှင့် ကိုယ်စားလှယ်လွှဲစာ)များကို စစ်ဆေးပြီးနောက် စာချုပ်ချုပ်ဆိုရမည်။ အိမ်ခြံမြေမှတ်ပုံတင်မှတ်တမ်းတွင် အိမ်ပိုင်ရှင် မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း စစ်ကြည့်နိုင်ပြီး အင်တာနက်မှတစ်ဆင့် အလွယ်တကူ ထုတ်ယူနိုင်ပါသည်။ အိမ်ခြံမြေမှတ်ပုံတင်မှတ်တမ်းကို စရံငွေပေးချေခြင်း၊ ကြားဖြတ်ငွေပေးချေခြင်း၊ လက်ကျန်ငွေ ပေးချေခြင်းများ လုပ်ဆောင်သည့်အခါတိုင်း ငွေပေးချေမှု မလုပ်မီ အကြိမ်ကြိမ် စစ်ဆေးပါ။

အိမ်ခြံမြေမှတ်ပုံတင်မှတ်တမ်း

စာချုပ်မချုပ်မီ အိမ်ခြံမြေမှတ်ပုံတင်မှတ်တမ်းအား စစ်ဆေးခြင်းသည် အိမ်ကို စေ့စပ်သေချာစွာ လိုက်ကြည့်ခြင်းထက် ပိုမို အရေးကြီးလှပါသည်။ အိမ်ခြံမြေမှတ်ပုံတင်မှတ်တမ်းတွင် အိမ်ပိုင်ရှင်အမည်၊ လိပ်စာ၊ အိမ်အကျယ်အဝန်းနှင့် ဖွဲ့စည်းပုံ၊ အိမ်ပိုင်ရှင်၏ ကြွေးမြီပတ်သက်မှု စသည်တို့ကို စစ်ဆေးကြည့်နိုင်ပါသည်။ အိမ်ခြံမြေမှတ်ပုံတင်မှတ်တမ်းကို မှတ်ပုံတင်ရုံးထိ သွားစရာမလိုဘဲ အများအားဖြင့် အင်တာနက် (www.iros.go.kr,တရားရုံးအင်တာနက်မှတ်ပုံတင်ရုံး) မှ အလွယ်တကူ ထုတ်ယူနိုင်ပါသည်။ သေချာမသိပါက ပတ်ဝန်းကျင်ရှိ ကိုရီးယားလူမျိုး လုပ်ဖော်ကိုင်ဖက်များထံ အကူအညီတောင်းပါ။

ပေးချေရမည့် ငွေကြေးပမာဏနှင့် ပေးချေနည်း

စရံငွေပမာဏသည် ဥပဒေဖြင့် သတ်မှတ်ထားခြင်း မဟုတ်သော်လည်း ပုံမှန်အားဖြင့် စပေါ်ငွေ၏ 10% ဖြစ်ပါသည်။ စပေါ်ငွေသည် ဝမ် 2,000,000တန် အခန်းဖြစ်ပါက စရံငွေသည် ဝမ် 200,000 ဖြစ်ပါသည်။ ကျန်ငွေ ဝမ် 1,800,000 ထဲမှ တစ်စိတ်တစ်ဝက်ကို အိမ်မပြောင်းမီ ရက်တစ်ခု သတ်မှတ်ကာ ပေးချေပြီး၊ နောက်ဆုံး ကျန်ငွေကိုမူ အိမ်ပြောင်းသည့်နေ့တွင် ပေးချေကြပါသည်။ အိမ်ပြောင်းသည့်နေ့တွင် ကျန်ငွေအားလုံးကို တစ်ခါတည်း ပေးချေခြင်းမျိုးလည်း ရှိပါသည်။ ငွေလက်ခံပြေစာကို သေချာ တောင်းယူထားခြင်းသည် မိမိအတွက် ကောင်းပါသည်။

စာချုပ်တွင် မဖြစ်မနေ ပါရှိရမည့် အချက်များ
  • အိမ်တည်နေရာ(အိမ်ခြံမြေမှတ်ပုံတင်မှတ်တမ်းတွင် ဖော်ပြထားသော တည်နေရာနှင့် စာချုပ်တွင် ပါရှိသော လိပ်စာတို့သည် တူညီရပါမည်။)
  • စာချုပ်ပါ ငွေပမာဏ (စပေါ်ငွေနှင့် အိမ်လခပမာဏ)
  • စရံငွေ၊ ကြားဖြတ်ပေးချေငွေ၊ ကျန်ငွေပမာဏနှင့် ပေးချေသောနေ့(စရံငွေသည် စပေါ်ငွေ၏ 10%သာ ပေးထားခြင်းက စိတ်ချရပါသည်။)
  • စာချုပ်သက်တမ်း
  • အိမ်ပိုင်ရှင်နှင့် အိမ်ငှားတို့၏ လက်မှတ် သို့မဟုတ် လက်ဗွေ(တံဆိပ်တုံး)

(8)စာချုပ်သက်တမ်း ကုန်ဆုံးခြင်းနှင့် စပေါ်ငွေ ပြန်အမ်းခြင်း

စာချုပ်သက်တမ်း မကုန်မီ အိမ်ပြောင်းရမည့် အခြေအနေများ ကြုံရတတ်ပါသည်။ ထိုအခြေအနေများ ကြုံပါက အိမ်ပိုင်ရှင်သည် စပေါ်ငွေကို ပြန်ပေးပြီး ကျန်ရှိနေသေးသော စာချုပ်သက်တမ်းကာလ၏ အိမ်လခကို ဖြတ်တောက်နိုင်ပါသည်။ ဥပမာ စပေါ်ငွေ ဝမ် 2,000,000၊ အိမ်လခ ဝမ် 150,000 အခန်းတွင် နေထိုင်ရာမှ စာချုပ်သက်တမ်းကုန်ရန် 3လ အလိုတွင် အခန်းပြောင်းရမည်ဆိုပါစို့၊ ချက်ချင်း နောက်အိမ်ငှား ပေါ်လာပါက ပြဿနာ မရှိသော်လည်း၊ ထိုသို့ မဟုတ်သည့် အခြေအနေမျိုးတွင် အိမ်ပိုင်ရှင်သည် စပေါ်ငွေထဲမှ ကျန်ရှိနေသော အိမ်လခ 3လစာ ဝမ် 450,000(ဝမ် 150,000×3လ)ကို ဖြတ်ပြီး ဝမ် 1,550,000ကိုသာ ပြန်ပေးသော်လည်း ဥပဒေချိုးဖောက်သည်ဟု မဆိုနိုင်ပါ။
ဒါပေမဲ့ စာချုပ်သက်တမ်းကုန်သွားပြီး၊ သက်တမ်း မကုန်ခင် အနည်းဆုံး 1လ အလိုတွင် အိမ်ပိုင်ရှင်ထံ အိမ်ပြောင်းတော့မည်ဖြစ်ကြောင်း ကြိုပြောထားပါလျက်နှင့် အိမ်ပိုင်ရှင်မှ အိမ်ငှားအသစ် မရသေးသည့် အကြောင်းပြချက်ဖြင့် စပေါ်ငွေအား ပြန်မပေးပါက ၎င်းသည် ဥပဒေချိုးဖောက်ခြင်း ဖြစ်ပါသည်။ ထိုသို့သော အခြေအနေမျိုးတွင်မူ တရားမမှု တရားစွဲဆိုခြင်းဖြင့် တရားရုံး၏ အဆုံးအဖြတ်ကို ခံယူပြီး ငွေပြန်တောင်းယူနိုင်ပါသည်။ သို့သော် တရားစွဲဆိုမည်ဆိုပါက ဆောင်ရွက်မှုအဆင့်ဆင့်သည် ရှုပ်ထွေးလှသည့်အတွက် အကယ်၍ ထိုအခြေအနေများ ကြုံလာပါက အရင်ဆုံး ဆွေးနွေးပေးသည့်ဌာန (www.klac.or.kr, ကိုရီးယားဥပဒေရေးရာ အထောက်အကူပြုကော်ပိုရေးရှင်း)သို့ သွားရောက်၍ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

စာချုပ်သက်တမ်း မကုန်မီ 1လ အလိုတွင် မဖြစ်မနေ လုပ်ရမည့် ကိစ္စ

အိမ်ပိုင်ရှင်ထံ စာချုပ်သက်တမ်းတိုးမည် သို့မဟုတ် အိမ်ပြောင်းမည်ဆိုသည်ကို သေချာစွာ ပြောရပါမည်။ အထွေအထူး မပြောထားပါက အလိုအလျောက် သက်တမ်းတိုးပြီးသားဖြစ်ပါသည်။ လူအများစုသည် ထိုအချက်ကို မသိသောကြောင့် ဆုံးရှုံးနစ်နာမှုများ ကြုံရသည့်အတွက် မေ့ထား၍ မရပါ။

အိမ်ခြံမြေ ပိုင်ရှင် တိုက်ရိုက်ရောင်းဝယ်ခြင်း၏ ကောင်းကျိုးဆိုးကျိုးများ
မလွှဲသာဘဲ ပိုင်ရှင်တိုက်ရိုက်ရောင်းဝယ်မှု လုပ်ရတော့မည်ဆိုပါက သိထားရမည့် အချက်များ

ကုန်ကျစရိတ်ကို နည်းနည်းဖြစ်ဖြစ် ချွေတာရန် အိမ်ခြံမြေ ပိုင်ရှင်တိုက်ရိုက် ရောင်းဝယ်ခြင်းကို နှစ်သက်ကြသော နိုင်ငံခြားသွေးနှောမိသားစုများလည်း ရှိတတ်ပါသည်။ ကုန်ကျစရိတ်ကို ချွေတာနိုင်သော်လည်း အမျိုးမျိုးသော အန္တရာယ်များလည်း ရှိသည်ကို သတိပြုရပါမည်။ ပုံမှန် အိမ်ခြံမြေ ထုတ်ရောင်းသည့် သူသည် လိပ်စာနှင့် ဖုန်းနံပါတ်အပါအဝင် မိမိ၏ ကိုယ်ရေးအချက်အလက်များကို တင်ထားတတ်ပါသည်။ သို့သော် တစ်ကိုယ်တည်း နေထိုင်သော အမျိုးသမီးဖြစ်ပါက မိမိ ကိုယ်ရေးအချက်အလက်ကို မဖော်ပြသင့်ပါ။ အိမ်ခြံမြေ လာစုံစမ်းသူတို့သည် အကျိုးဆောင်ကုမ္ပဏီ ဝန်ထမ်းနှင့်အတူ လာခြင်း မဟုတ်သည့်အတွက် အိမ် ကြော်ငြာ တင်ထားသူအတွက် မမျှော်လင့်ထားသည့် ရာဇဝတ်မှုများ ကြုံတွေ့နိုင်သော အန္တရာယ်များ ရှိသည့်အတွက် ဖြစ်ပါသည်။ အိမ်ခြံမြေ အကျိုးဆောင်မှတစ်ဆင့် အိမ်ငှားသည့်အခါမျိုးတွင် အကျိုးဆောင်မှ အိမ် အပျက်အစီး ရှိမရှိ စစ်ဆေးပြီး အိမ်ငှားထံ ရှင်းပြပေးတတ်ပါသည်။ သို့သော် ပိုင်ရှင်တိုက်ရိုက် ငှားရမ်းခြင်း လုပ်သည့်အခါတွင် အိမ်ငှားကိုယ်တိုင်မှ အိမ်တွင် ချို့ယွင်းချက်များ ရှိမရှိကို ကြည့်ရမည် ဖြစ်ပါသည်။ အိမ်ပါ ပစ္စည်းများ၊ အချောသတ်ပစ္စည်းများ ပြဿနာရှိမရှိ အသေးစိတ် ကြည့်ရှုရမည် ဖြစ်ပါသည်။ ပိုင်ရှင်တိုက်ရိုက် ငှားရမ်းခြင်း ဖြစ်သော်လည်း ပုံမှန် ဝမ် 100,000 ဝန်းကျင်ဖြင့် အကျိုးဆောင်ထံ စာချုပ်အပ်နှံနိုင်ပါသည်။ သို့သော်လည်း ၎င်းသည် အိမ်ခြံမြေအကျိုးဆောင်ပေးခြင်း မဟုတ်ဘဲ ‘ကိုယ်စား စာချုပ်ရေးသားဖြည့်စွက်ခြင်း ဝန်ဆောင်မှု’ကို အသုံးပြုခြင်း ဖြစ်သည့်အတွက် အကျိုးဆောင်မှ တာဝန် တစ်စုံတစ်ရာမှ ယူမည်မဟုတ်သည့် အချက်ကို သိထားရမည် ဖြစ်သည်။

ပိုင်ရှင်တိုက်ရိုက် ငှားရမ်းခြင်းထက် စိတ်ချရသော အကျိုးဆောင်ကုမ္ပဏီ အသုံးပြုခြင်း

ပိုင်ရှင်တိုက်ရိုက် ငှားရမ်းမှု အွန်လိုင်းဂရု(café)သည် 2009ခုနှစ်တွင် ဂရုပေါင်း 50ခန့်သာ ရှိခဲ့သော်လည်း ယခုအခါ 100ကျော်သွားပြီ ဖြစ်ပြီး၊ အွန်လိုင်းဂရု(café) အဖွဲ့ဝင် အရေအတွက်မှာ 1.1သန်း ကျော်ရှိပါသည်။ အိမ်ခြံမြေ အရောင်းအဝယ် မကောင်းသော ကာလမှာပင် 2ဆ တက်လာခဲ့ခြင်း ဖြစ်ပါသည်။ အိမ်ခြံမြေလောကတွင် အွန်လိုင်းဂရု(café)နှင့် တိုက်ရိုက် အငှား ဝက်ဘ်ဆိုက် စသည်တို့တွင် အင်တာနက်မှတစ်ဆင့် အချက်အလက်များ တက်လာသည့် အိမ်ခြံမြေ အရေအတွက်သည် တစ်လ ပျမ်းမျှ အခု100,000 ကျော်မည်ဟု ခန့်မှန်းရပါသည်။ jeonseစပေါ်ငွေ သို့မဟုတ် လခပေးစနစ်ဖြင့် တိုက်ရိုက်အငှားများက ရေပန်းစားရသည့် အကြောင်းရင်းသည် အင်တာနက်မှ ရှာကြည့်နိုင်သော အိမ်ခြံမြေ အချက်အလက်များ များပြားသည့်အတွက်ကြောင့် ဖြစ်ပါသည်။ ယခင်က အင်တာနက် အိမ်ခြံမြေ ပိုင်ရှင်တိုက်ရိုက် အငှားစျေးကွက်တွင် တက်လာသော အိမ်များသည် one room, officetelများသာ ရှိပါသည်။ အသုံးပြုသူများမှာလည်း အများစုက တက္ကသိုလ်ကျောင်းသားများ၊ တစ်ကိုယ်တည်း နေထိုင်သော ဝန်ထမ်းများဖြစ်ပါသည်။ သို့သော် ယခုနောက်ပိုင်းတွင်မူ အိမ်ထောင်စုများ စုဝေးနေထိုင်ရာအိမ်ရာများ၊ လုံးချင်းအိမ်များ၊ တိုက်ခန်းများ စသည့် အခန်း 2~3ခန်းပါပြီး စပေါ်၊ လစာ စနစ်ဖြင့် ငှားရမ်းပေးသော အိမ်များမှ စပြီး officetel မြို့ပြစတိုင်လ် အိမ်ရာများ၊ ဆိုင်ခန်း၊ ရုံးခန်း စသဖြင့် တိုက်ရိုက် အငှားပုံစံများမှာ အမျိုးစုံလာပါသည်။ သို့ရာတွင် ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း၊ အဆင်ပြေခြင်း စသည်တို့ကြောင့် အိမ်ခြံမြေ ပိုင်ရှင်တိုက်ရိုက် ငှားရမ်းခြင်းသည် စာချုပ်ချုပ်ခြင်း အတွေ့အကြုံ၊ လူ့မှုရေးအတွေ့အကြုံ နည်းသော သူများအတွက် အန္တရာယ်ရှိနိုင်သည့်အတွက် ဖြစ်နိုင်ပါက အကျိုးဆောင်မှတစ်ဆင့် အိမ်ငှားရမ်းခြင်းသည် ပို ကောင်းပါသည်။ လေလံပါသွားတော့မည့် အိမ်က jeonseစပေါ်ငွေစနစ်ဖြင့် တိုက်ရိုက်အငှား အိမ်အဖြစ် တက်လာသည့်အခါမျိုးလည်း ရှိပြီး၊ အိမ်ငှားမှ တိုက်ရိုက်အငှားပုံစံဖြင့် ပြန်ပြီး jeonseစပေါ်ငွေပုံစံဖြင့် ငှားရမ်းပေးသည့် နည်းလမ်း(စာချုပ် 2ထပ်ချုပ်ခြင်း)ကြောင့် စပေါ်ငွေ လိမ်လည်မှု စသည့် နစ်နာမှုပုံစံများ အမျိုးစုံ ရှိသည့်အတွက်ကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် စပေါ်၊ လစာဖြင့် တိုက်ရိုက် ငှားရမ်းခြင်းသည် အသိအမှတ်ပြုလက်မှတ်ရ အကျိုးဆောင်ကုမ္ပဏီမှတစ်ဆင့် မသွားဘဲ ပိုင်ရှင်နှင့် တိုက်ရိုက် စာချုပ်ချုပ်ဆိုပါက သေချာ အသေးစိတ် မကြည့်တတ်လျှင် ကြီးမားသော ဆုံးရှုံးနစ်နာမှု ကြုံရတတ်ပါသည်။ ခံရသူ အများစုသည် လူ့အဖွဲ့အစည်းထဲ စတင်ခြေချသူများ၊ အိမ်ခြံမြေ စာချုပ်ချုပ်ဆိုခြင်း ဗဟုသုတ မရှိသူများ ဖြစ်ပါသည်။ အင်တာနက် openmarket ရောင်းဝယ်မှုနှင့် ရင်းနှီးသော်လည်း အိမ်ခြံမြေ ငှားရမ်းမှုဆိုင်ရာ အခြေခံဗဟုသုတ မရှိသည့် အနေအထား၌ စျေးပေါသည့် အိမ်ကို ရှာပြီး တိုက်ရိုက် ငှားရမ်းမှု လုပ်သည့်အခါ အိမ်ပိုင်ရှင် အယောင်ဆောင်များနှင့် စာချုပ်ချုပ်မိသည့်အခါမျိုးလည်း ရှိပြီး၊ ထိုသို့ မဖြစ်သော်လည်း နောက်ပိုင်း အိမ်ပြန်ပြောင်းသည့်အခါ အိမ်အပျက်အစီး ပြင်ဆင်မှုနှင့် ပတ်သက်ပြီး အခက်အခဲများ ကြုံရသည်က များပါသည်။ ထို့အပြင် စျေးကွက်ပေါက်စျေးကို အတိအကျမသိဘဲ jeonseစပေါ်ငွေစနစ်ဖြင့် စာချုပ်ချုပ်မိပါက စျေးကွက်ပေါက်စျေးထက် ပိုမို မြင့်မားသောစျေးဖြင့် စာချုပ်ချုပ်မိသူလည်း အများအပြားရှိပါသည်။ ထို့ကြောင့် စာချုပ် 2ထပ်ချုပ်ခြင်း စသည့် နစ်နာမှုများ ကြုံခဲ့လျှင်လည်း အာမခံ စသဖြင့် ကူညီကယ်ဆယ်ပေးနိုင်သော ပါမစ်ရ အကျိုးဆောင်ကုမ္ပဏီမှတစ်ဆင့် ငှားရမ်းခြင်းသည် စိတ်ချရပါသည်။ ဤသို့သော အားသာချက်များအပြင် အကျိုးဆောင်ကုမ္ပဏီမှတစ်ဆင့် ငှားရမ်းလျှင် အခြား အကျိုးရှိသော အချက်များ ရှိပါသည်။ ကုန်ကျစရိတ်ကိုသာ ကြည့်ပြီး ပိုင်ရှင်တိုက်ရိုက် ငှားရမ်းခြင်းမျိုး လုပ်ရာရာမှ နောက်ပိုင်း ပြဿနာများ ပေါ်ပေါက်လာပါက အချိန်နှင့် ငွေများ ပိုကုန်နိုင်သည့် အချက်ကို မှတ်သားထားရပါမည်။

03အိမ်ရာထောက်ပံ့ခြင်း

နိုင်ငံခြားသွေးနှောမိသားစု အိမ်ရာဦးစားပေးစနစ်သည် နိုင်ငံခြားသွေးနှောမိသားစု၏ အိမ်ရာ လိုအပ်မှုအား အထောက်အကူဖြစ်စေရန် အခြားသူများနှင့် ယှဉ်ပြိုင်စရာမလိုဘဲ အိမ်ရာများ ဦးစားပေးစနစ်ဖြင့် ခွဲတမ်း ရနိုင်သောစနစ်ဖြစ်ပါသည်။

(1)လျှောက်ခွင့် ရှိသူများ

  • 「နိုင်ငံခြားသွေးနှောမိသားစုအထောက်အကူပြုဥပဒေ」 ပုဒ်မ2အရ နိုင်ငံခြားသွေးနှောမိသားစု မိသားစုဝင်တစ်ဦးနေနှင့် အိမ်ထောင်ဖက်နှင့် 3နှစ်အထက် တစ်အိမ်တည်း၌ ပေါင်းသင်းနေထိုင်မှု ရှိရမည် ဖြစ်ပါသည်။
  • လျှောက်ထားသူ မိမိအပြင် မိသားစုဝင် အားလုံးက အိမ်ပိုင်ဆိုင်မှု မရှိသူဖြစ်ပါမည်။
  • အိမ်ရာလျှောက်ရန် ဘဏ်စာအုပ်ဖွင့်ပြီး 6လ ကြာပြီးနောက်၊ လစဉ် သတ်မှတ်ပမာဏကို 6ကြိမ်နှင့်အထက် ထည့်သွင်းထားသူ ဖြစ်ရပါမည်။

(2)လျှောက်ထားသည့် နည်းလမ်း

  • အိမ်ရာလျှောက်လိုသည့် အိမ်ရာ၏ အိမ်ငှားခေါ်ယူသည့် အချိန်နှင့် ကိုက်ညှိပြီး သက်ဆိုင်ရာ စီမံကိန်းအဖွဲ့အစည်းတွင် လျှောက်ထားရပါမည်။
  • အိမ်ငှားခေါ်ယူခြင်းကြော်ငြာစာကို နေ့စဉ်ထုတ်သတင်းစာ၊ ‌ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်း(မြို့၊ ခရိုင်၊ မြို့နယ်) ဟုမ်းပေ့ချ်၊ applyhome(www.applyhome.co.kr)စသည်တို့မှတစ်ဆင့် စစ်ဆေးကြည့်ရှုနိုင်ပါသည်။
အိမ်ရာလျှောက်ထားခြင်းဆိုသည်မှာ?

အိမ်ရာလျှောက်ထားခြင်းသည် လျှောက်ထားမှုအတွက် စုငွေနှင့် သတ်မှတ် အချက်များနှင့် ပြည့်စုံသော သူထံ တိုက်ခန်းများ လျှောက်ထားနိုင်သော အခွင့်အရေးပေးသည့် စနစ်ကို ဆိုလိုပါသည်။ ခွဲတမ်းအိမ်ရာများမှာ အစိုးရအိမ်ရာ၊ ပုဂ္ဂလိကအိမ်ရာ၊ အစိုးရအိမ်ရာငယ် စသဖြင့် ခွဲထားပြီး၊ ခွဲတမ်းကို မျှော်မှန်းသည့် အိမ်ရာလျှောက်ထားသူများသည် ၎င်းအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် ပြည့်စုံအောင် အိမ်ရာလျှောက်ထားခွင့်ဆိုင်ရာ စုငွေ(အိမ်ရာလျှောက်ထားမှုဆိုင်ရာ စုငွေ၊ အိမ်ရာလျှောက်ထားမှုဆိုင်ရာ အပ်ငွေ၊ အိမ်ရာငယ်လျှောက်ထားမှုဆိုင်ရာ စုငွေ၊ အိမ်ရာလျှောက်ထားမှုဆိုင်ရာ အထွေထွေစုငွေ)အကောင့် ဖွင့်ထားရပါမည်။ အိမ်ရာခွဲတမ်းကို အိမ်ပိုင်ဆိုင်မှု မရှိသည့် ကာလ၊ အိမ်ရာလျှောက်ထားမှုဆိုင်ရာ စုငွေ ထည့်သွင်းထားမှု အကြိမ်ရေ၊ စုငွေစုစုပေါင်း စသည့် အဆင့်များစွာဖြင့် အိမ်ငှားများကို အဆင့်ဆင့် ရွေးချယ်သော ဦးစားပေးစနစ်၊ သတ်မှတ်စံနှုန်းများနှင့် အမှတ် အတိုးအလျှော့လုပ်ပြီး အမှတ်များသူ ဦးစားပေးသော အမှတ်ပေးစနစ်နှင့် မဲနှိုက်စနစ် စသည်တို့ဖြင့် ရွေးချယ်ဆုံးဖြတ်ပါသည်။

04လျှပ်စစ် အသုံးပြုခြင်း

(1)ဗို့အား 220V

ကိုရီးယားနိုင်ငံ လျှပ်စစ် လျှပ်သို(ကွန်ဒင်ဆာ)များ၏ ဗို့အား အများစုမှာ 220Vဗို့ဖြစ်ပါသည်။ အကယ်၍ ဗို့အား 110Vသုံး လျှပ်စစ်ပစ္စည်း ဖြစ်ပါက လျှပ်သို(ကွန်ဒင်ဆာ)ကို 220V မှ 110V သို့ လျှော့ချပေးသော ထရန်စဖော်မာ တစ်ခု လိုပါသည်။

  • 트랜스
    < ထရန်စဖော်မာ >
  • ကိုရီးယားလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း ☎123(www.kepco.co.kr)

(2)RCD ဆားကစ်ဘရိတ်ကာ

အိမ်တိုင်းတွင် လျှပ်စစ်ကြောင့် မီးလောင်မှုအား ကာကွယ်ပေးသော RCDဆားကစ်ဘရိတ်ကာဟု ခေါ်သော ဘေးကင်းရေးကိရိယာများ ရှိပါသည်။ လျှပ်စစ် အသုံးပြုမှုပမာဏ အလွန်အကျွံ များသည့်အခါ၊ လျှပ်စစ် စီးဆင်းမှုတွင် ပြဿနာပေါ်ပေါက်လျှင် ခလုတ်က အလိုအလျောက် ပြုတ်ကျသွားပြီး လျှပ်စစ်ကို ဖြတ်တောက်ပစ်ပါသည်။ ၎င်း ကိရိယာ အလုပ်မလုပ်တော့ပါက အန္တရာယ် ကြုံရနိုင်သည့်အတွက် အိမ်ခန်းအသစ် ရှာသည့်အခါ RCDဆားကစ်ဘရိတ်ကာ ကောင်းမကောင်း စစ်ဆေးကြည့်ရပါမည်။ စစ်နည်းမှာ လွယ်ပါသည်။ RCDဆားကစ်ဘရိတ်ကာ စမ်းသပ်သည့်အခါ သုံးသည့်ခလုတ်(အနီရောင်၊ ဝါယာရှော့အတွက်ကတော့ အစိမ်းရောင်)ကို နှိပ်ကြည့်ပါ။ ခလုတ်က အောက်သို့ ပြုတ်ကျသွားပါက အကောင်းဖြစ်ပြီး၊ မပြုတ်ကျပါက အပျက်ဖြစ်ပါသည်။

  • 누전차단기
    < RCDဆားကစ်ဘရိတ်ကာ >

05ရေအသုံးပြုခြင်း

ဆောင်းရာသီတွင် ရေပိုက်များ အေးခဲပြီး ရေသုံး၍မရ ဖြစ်တတ်သည့် အခြေအနေများ ကြုံရတတ်ပါသည်။ ၎င်းကို ကာကွယ်ရန်အတွက် သတိထားရမည့် အချက်များ ရှိပါသည်။

  • ရေမီတာပုံးအတွင်း၌ ရေစိမ့်မှုရှိမရှိနှင့် အပူထိန်းပစ္စည်း(Styrofoam) တပ်ဆင်ထားရှိမှုကို စစ်ဆေးရမည်။ တစ်ခုခု ထူးခြားနေပါက ချက်ချင်း ဖြေရှင်းရမည်။
  • ဝရံတာ ပုံစံ တိုက်ခန်းများ၊ villa လိုမျိုး အိမ်နံရံများ ပြင်ပသို့ တိုက်ရိုက်ထွက်နေသော ရေမီတာပုံး၏ အပြင်ဘက်အဖုံးကို ပလပ်စတစ် ကပ်ထားခြင်း သို့မဟုတ် အအေးဒဏ်ခံဝါယာကြိုးဖြင့် ပတ်ကာ အပူဓာတ် ထိန်းပေးရမည်ဖြစ်ပြီး၊ အိမ်ကို အချိန်ကြာမြင့်စွာ အလွတ်ထားခြင်း၊ အလွန်အမင်း အေးသည့် ကာလများ၌ ရေ အသုံးမပြုသော ညဘက်အချိန်များတွင် ရေပိုက်မှ ရေတစ်စက်ချင်းစီ ကျအောင် လုပ်ထားခြင်းဖြင့် ရေပိုက်အေးခဲမှု မရှိသော ဆောင်းရာသီကို ဖြတ်သန်းနိုင်မည် ဖြစ်ပါသည်။
  • ထို့အပြင် ရေမီတာ အေးခဲနေပါက ရေမပူမအေးဖြင့် ပျော်အောင်လုပ်ပြီး ဖြည်းဖြည်းချင်း ရေပူ သုံးကာ ရေမီတာ ရေခဲပျော်လာအောင် လုပ်မှသာ ရေမီတာ မှန်ပြင် ကွဲရှခြင်းကို တားဆီးနိုင်မည် ဖြစ်ပါသည်။

06ဂတ်စ်အသုံးပြုခြင်း

(1)မီးဖိုချောင်သုံး ဂတ်စ်(LPG, စီးတီးဂတ်စ်)

အိမ်အများစုတွင် တွေ့နိုင်သည့် ဂက်စ်မီးဖိုကို အသုံးပြုသည့်အခါတွင် မီးတောက်သည် အပြာရောင်ဖြစ်ကြောင်း စစ်ဆေးပါ။ မီးတောက်သည် အနီရောင်ဖြစ်နေပါက ပြဿနာတစ်ခု ရှိနေသောကြောင့် ဂက်စ်ကိုပိတ်ကာ အကြောင်းရင်းကို ဆုံးဖြတ်ပါ။ ထို့အပြင်လည်း ဂက်စ်မီးဖိုကို အသုံးပြုသည့်အခါတွင် ကြားခံဂက်စ်အဆို့ရှင်ကို အပြည့်အဝ ဖွင့်ပြီးမှသာ ဂက်စ်ကိုဖွင့်ပါ။ ဂက်စ်မီးဖိုကို အသုံးပြုပြီးသည့်အခါတွင် ကြားခံဂက်စ်အဆို့ရှင်ကို အပြည့်အဝ ပိတ်ပြီးကြောင်းနှင့် ဧရိယာအတွင်း လေဝင်လေထွက် လုံလောက်စွာရှိစေရန် ပြတင်းပေါက်တစ်ပေါက် ဖွင့်ထားကြောင်း သေချာအောင်လုပ်ပါ။
LPG သို့မဟုတ် စီးတီးဂက်စ်ကို အသုံးပြုသည့်အခါတွင် ဂက်စ်ဘေးကင်းရေး ကြည့်ရှုစစ်ဆေးမှုများကို လုပ်ဆောင်ရန် အလွန်အရေးကြီးပါသည်။ ဂက်စ်ယိုစိမ့်မှုကို စစ်ဆေးရန်အတွက် ပန်းကန်ဆေးဆပ်ပြာနှင့် ရေတို့ကို 1:1 အချိုးအတိုင်း ရောစပ်ကာ ပိုက်ဆက်ထားသည့် နေရာတစ်ဝိုက်တွင် သုတ်ကြည့်ပါ။ ထူးခြားမှုမရှိပါက ပုံမှန်ဖြစ်ပါသည်။ ပူဖောင်းများ ပေါ်လာပါက ဂက်စ်ယိုစိမ့်မှုရှိနေပြီး ချက်ချင်းပြုပြင်ရပါမည်။ စီးတီးဂက်စ်ကို အသုံးပြုသည့် အိမ်များအတွက် ဂက်စ်ကုမ္ပဏီများသည် ဘေးကင်းရေး ကြည့်ရှုစစ်ဆေးမှုများကို ခြောက်လတစ်ကြိမ် လုပ်ဆောင်ပါသည် (မီတာဖတ်ခြင်းများကို လစဉ်ပြုလုပ်ပါသည်)။ ဖြစ်နိုင်ပါက လွဲချော်မသွားစေရန်အတွက် ကြည့်ရှုစစ်ဆေးသည့်နေ့တွင် အပြင်သွားခြင်းကို ရှောင်ကြဉ်ပါ။ ချက်ပြုတ်ရေးဂက်စ် အသုံးအဆောင်များကို မှားယွင်းစွာ ကိုင်တွယ်ခြင်းသည် ပြင်းထန်သော မတော်တဆမှု များစွာကို ဖြစ်စေပါသည်။ အသုံးပြုပြီးနောက်တွင် မီးငြိမ်းနေခြင်းရှိမရှိ အမြဲတမ်း စစ်ဆေးပါ။ ကြားခံဂက်စ်အဆို့ရှင်ကို တင်းကျပ်စွာပိတ်သည့် အလေ့အကျင့်ကို ပြုလုပ်ပါ။

  • 취사용 가스 사용의 예
    < မီးဖိုချောင်သုံး ဂတ်စ် အသုံးပြုခြင်း ဥပမာ >

(2)ဗျူတိန်းဂတ်စ်

ဗျူတိန်းဂက်စ်ဘူးများကို သယ်ယူနိုင်သော ဂက်စ်မီးဖိုများတွင် အသုံးပြုပါသည်။ ဗျူတိန်းဂက်စ်ဘူးများကို မမှန်မကန် ထည့်သွင်းခြင်းကြောင့် ဂက်စ်ယိုစိမ့်မှုများသည် အဖြစ်များပါသည်။ ထို့ကြောင့် မီးတောက်သေးနေပါက သို့မဟုတ် ဂက်စ်အနံ့ရပါက အကြောင်းရင်းကို ချက်ချင်းဆုံးဖြတ်သင့်ပါသည်။ သယ်ယူနိုင်သော ဂက်စ်မီးဖိုများကို ဘေးကင်းရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အသုံးပြုရပါမည်။
① မီးဖိုထက်ကြီးသော အကင်ဒယ်အိုးကို မသုံးပါနှင့်။
② ဗျူတိန်းဂက်စ်ဘူးများကို မီးတောက်အနီး သို့မဟုတ် လျှပ်စစ်သံလိုက်စနစ်သုံး မီးဖိုများပေါ်တွင် မထားပါနှင့်။
③ အသုံးပြုပြီးသော ဗျူတိန်းဂက်စ်ဘူးများကို ဖယ်ရှားပါ။
④ အဆောက်အဦးအတွင်း အသုံးပြုခြင်း ဖြစ်ပါက လေဝင်လေထွက်ရှိအောင် ချက်ချင်းလုပ်ဆောင်ပါ။
⑤ သိမ်းဆည်းရာတွင် သယ်ယူနိုင်သော ဂက်စ်မီးဖိုများကို ထပ်၍မထားပါနှင့်။
⑥ အသုံးပြုပြီးသော ဗျူတိန်းဂက်စ်ဘူးများကို စွန့်ပစ်သည့်အခါတွင် ကျန်ရှိနေသော ဂက်စ်များကို လေဝင်လေထွက်ကောင်းသော နေရာ သို့မဟုတ် အဆောက်အဦးပြင်ပတွင် လုံးဝကုန်သည်အထိ ထုတ်ပစ်ကာ သတ်မှတ်ထားသော နေရာများတွင် စွန့်ပစ်ပါ။

  • 부탄가스버너
    < ဗျူတိန်းဂတ်စ်မီးဖို >
  • 부탄가스
    < ဗျူတိန်းဂတ်စ် >

(3)ဂတ်စ်ဘေးအန္တရာယ် ကာကွယ်ခြင်း

ဂက်စ်ကို ဘေးကင်းစွာအသုံးပြုကြောင်း သေချာစေရန်အတွက် ဂက်စ်ကုမ္ပဏီများက ဘေးကင်းရေး ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ရန် လာရောက်ခြင်းနှင့် လုပ်ဆောင်ခြင်းတို့ကို ပုံမှန်လုပ်ဆောင်ကြသလို ယင်းသည် ဥပဒေအရ တာဝန်တစ်ရပ် ဖြစ်သောကြောင့် ပုံမှန်ကြည့်ရှုစစ်ဆေးမှုကို ခံယူရန် အိမ်တွင်ရှိနေပေးပါ။ လတ်တလောတွင် ပိုမိုဘေးကင်းသော ဂက်စ်အသုံးပြုမှု ဖြစ်စေရန်အတွက် ဂက်စ်အဆို့ရှင် အချိန်မှတ်စက်များ၊ ဂက်စ်ပိတ်သည့် အဆို့ရှင်များနှင့် CO အချက်ပေးကိရိယာများ ကဲ့သို့သော ဘေးကင်းရေး ကိရိယာအမျိုးမျိုးကို ထုတ်လုပ်ထားပါသည်။
ဂက်စ်မတော်တဆမှုများသည် ဂက်စ်အသုံးအဆောင်များကို ဂရုတစိုက်မရှိဘဲ စီမံလုပ်ဆောင်မှုကြောင့် ဂက်စ်ယိုစိမ့်မှုများ ဖြစ်ပွားပြီး အများဆုံး ဖြစ်တတ်ပါသည်။ အဖြစ်အများဆုံး မတော်တဆမှုများမှာ ဂက်စ်ကြောင့် အသက်ရှူကျပ်ခြင်းနှင့် ဂက်စ်ပေါက်ကွဲခြင်းတို့ ဖြစ်ပါသည်။
ဂက်စ်ကို ဘေးကင်းစွာ အသုံးပြုရန်မှာ အရေးအကြီးဆုံးအချက် ဖြစ်ပါသည်။ ဂက်စ်ကို အသုံးပြုနေစဉ်အတွင်း (ကြက်သွန်နီပုပ်နံ့ ကဲ့သို့သော) ထူးဆန်းသောအနံ့တစ်ခုခု ရပါက ဂက်စ်ယိုစိမ့်မှု ရှိမရှိ သင့်ကိုယ်တိုင် စစ်ဆေးနိုင်ပါသည်။ ပိုက်ခေါင်း သို့မဟုတ် ပိုက်ဆက်များတွင် ပန်းကန်ဆေးဆပ်ပြာရည်နှင့် ရေတို့ကို 1:1 ရောစပ်ကာ သုတ်ကြည့်ပါ။ ထူးခြားမှုမရှိပါက အရာအားလုံး ပုံမှန်ဖြစ်ပါသည်။ သို့ရာတွင် ပူဖောင်းများ ဖြစ်လာပါက ဂက်စ်ယိုစိမ့်နေကြောင်း ဆိုလိုခြင်းဖြစ်ပြီး သင့်အနေဖြင့် အောက်ပါလုပ်ဆောင်ချက်များကို ချက်ချင်း လုပ်ဆောင်ရပါမည်။

  • ဂတ်စ် လုံခြုံရေးဗားခလုတ်ကို ပိတ်ပါ။
  • ပြတင်းပေါက်နှင့် တံခါးမ အားလုံးကို ဖွင့်ပြီး လေဝင်လေထွက်ကောင်‌အောင်လုပ်ပါ။
  • ဂက်စ်ပံ့ပိုးပေးသူ (စီးတီးဂက်စ်ကုမ္ပဏီ၊ LP ဂက်စ် ရောင်းချသူ) ကို ဆက်သွယ်ပါ။
  • လျှပ်စစ်မီးပွားကြောင့် ဂတ်စ်ပေါက်ကွဲမှု အန္တရာယ် ရှိနိုင်သည့်အတွက် လျှပ်စစ်ကိရိယာများကို လုံးဝ အသုံးမပြုမိပါစေနှင့်။
  • စီးတီးဂတ်စ်ကုမ္ပဏီသို့ ဆက်သွယ်ပြီး စစ်ဆေးမှု ခံယူပါ။
  • 가스 새는 것을 확인할 수 있는 비누 거품 바르기
    < ဂတ်စ် ယိုစိမ့်မှု စစ်ဆေးနိုင်သည့် ဆပ်ပြာအမြှုပ် သုတ်ခြင်း >

07အပူပေးစနစ်

အိမ်အများစုတွင် တပ်ဆင်ထားသည့် ရိုးရိုး အပူပေးစနစ်သည် အခန်းတွင်း ကြမ်းပြင်အောက်၌ ရေပူပိုက်အား တပ်ဆင်ထားပြီး ရေပူများ ပို့လွှတ်ကာ နေ့စဉ်ဘဝတွင် လိုအပ်သော ရေပူများကို ထုတ်လွှတ်ပေးပါသည်။

(1)ဘွိုင်လာ

ဘွိုင်လာအမျိုးအစားများတွင် လောင်စာတောင့်များ၊ ဆီ၊ LPG သို့မဟုတ် စီးတီးဂက်စ်ကို အသုံးပြုသည့် လောင်စာတောင့်ဘွိုင်လာများ၊ ဆီဘွိုင်လာများ၊ LPG ဘွိုင်လာများနှင့် စီးတီးဂက်စ် ဘွိုင်လာများ ပါဝင်ပါသည်။ လောင်စာတောင့်ဘွိုင်လာများသည် စျေးသက်သာသော်လည်း မီးသွေးလောင်စာတောင့်များကို အချိန်မှန် လဲပေးရသောကြောင့် အသုံးပြုရန် အဆင်မပြေပါ။ ဆီဘွိုင်လာများနှင့် LPG ဘွိုင်လာများ၏ အားနည်းချက် နှစ်ချက်မှာ စျေးကြီးခြင်းနှင့် ဆီ သို့မဟုတ် LPG ကုန်သွားသည့်အခါတိုင်း ထပ်မံမှာယူရန် လိုအပ်ခြင်းတို့ ဖြစ်ပါသည်။ ထို့အပြင် LPG ကိုအသုံးပြုသော နေအိမ်များအတွက် ရာဘာပိုက်ခေါင်းများကို အသုံးပြုပါက ဂက်စ်ယိုစိမ့်ခြင်း ရှိနိုင်ပါသည်။ ၎င်းတို့ကို သတ္ထုပိုက်များဖြင့် အစားထိုးခြင်းက ပိုမို၍ ဘေးကင်းစေပါသည်။ ပိုက်လိုင်းဖြင့်ပေးသောဂက်စ်ကို အသုံးပြုရသည့် စီးတီးဂက်စ်ဘွိုင်လာများ၏ ကနဦးတပ်ဆင်မှု ကုန်ကျစရိတ် မြင့်မားခြင်းက အားနည်းချက်တစ်ချက် ဖြစ်ပါသည်။ သို့ရာတွင် ၎င်းတို့က အပူပေးရသည့် ကုန်ကျစရိတ်များကို ချွေတာနိုင်သောကြောင့် ရေရှည်တွင် ပိုမို၍ စျေးသက်သာပါသည်။ သင့်စီးတီးဂက်စ် ဘွိုင်လာကို ဘေးကင်းစွာ အသုံးပြုရန်အတွက် အသုံးမပြုမီ အိတ်ဇောပိုက်ပြုတ်နေခြင်းနှင့် ချိုင့်နေခြင်းတို့ ရှိမရှိ ဘွိုင်လာအဆက်များကို စစ်ဆေးပါ။

  • ဘွိုင်လာ၏ အိတ်ဇောပိုက် ပြုတ်နေပါက အိတ်ဇောဂက်စ် ယိုစိမ့်နိုင်ပြီး ယင်းကြောင့် ကာဘွန်မိုနောက်ဆိုက်ဒ် အဆိပ်သင့်ခြင်း မတော်တဆမှုများကို ဖြစ်စေနိုင်ပါသည်။
  • 외국인 등록증 앞면
  • 영주증 앞면

(2)လျှပ်စစ်အပူပေးစက်နှင့် လျှပ်စစ်အိပ်ယာခင်း

လျှပ်စစ်အပူပေးစက်နှင့် လျှပ်စစ်အိပ်ယာခင်းသည်လည်း အခန်းတွင်း အပူပေးပစ္စည်းအနေနှင့် အများကြီး အသုံးပြုကြပါသည်။ သို့သော် လျှပ်စစ်မီတာ အလွန်အမင်းတက်ခြင်းနှင့် လျှပ်စစ်သံလိုက်လှိုင်းများ အများအပြား ထွက်ခြင်းကြောင့် သင့်တင့်သလောက်သာ အသုံးပြုသင့်ပါသည်။ လျှပ်စစ်အပူပေးစက်နှင့် လျှပ်စစ်အိပ်ယာခင်းကို အချိန်ကြာမြင့်စွာ ဆက်တိုက် အသုံးပြုပါက မီးလောင်မှု ဖြစ်ပွားနိုင်သည့်အတွက် သတိပြုရပါမည်။

(3)ဂတ်စ်အပူပေးစက်

အဆောက်အဦးအတွင်း အပူပေးခြင်းအတွက် ဂက်စ်သုံးအပူပေးစက်များကို အသုံးပြုလေ့ရှိကြသော်လည်း သင်အိပ်သည့် ညအချိန်တွင် ၎င်းတို့ကို အသုံးပြုသည့်အခါ သတိထားသင့်ပါသည်။ ယင်းစက်တစ်လုံးကို ညလုံးပေါက် ဖွင့်ထားပါက ကာဘွန်မိုနောက်ဆိုက်ဒ် အဆိပ်သင့်ခြင်း ဖြစ်ပွားနိုင်ပါသည်။ လေဝင်လေထွက်ကောင်းအောင် မကြာခဏ ပြုလုပ်ရန် မမေ့ပါနှင့်။ ထို့အပြင် မတော်တဆမှု များစွာသည် ပစ္စည်းအဟောင်းများကို အသုံးပြုခြင်းကြောင့် ဖြစ်ပွားသောကြောင့် ပစ္စည်းတစ်ခုစီ၏ ညွှန်းထားသော အသုံးပြုရမည့် ကာလကို လိုက်နာရန် အရေးကြီးပါသည်။

08ဆက်သွယ်ရေး

(1)ရိုးရိုးဖုန်း

ဖုန်း တပ်ဆင်ရန် လျှောက်ထားနိုင်သော တယ်လီဖုန်းကုမ္ပဏီ လမ်းညွှန်နံပါတ်များမှာ တစ်နိုင်ငံလုံး ဘယ်နေရာတွင်ဖြစ်စေ နံပါတ် 100(KT), 106(SK broadband)တို့ ဖြစ်ကြပါသည်။ ဖုန်းခွက်ကို ကိုင်ပြီး ၎င်းဖုန်းနံပါတ်ကို နှိပ်လိုက်ရုံဖြင့် လမ်းညွှန်စင်တာသို့ ချိတ်ပေးပါသည်။ ဖုန်းဘေလ်ကို လစဉ် ဘဏ်စာအုပ်ထဲကနေ အလိုအလျောက် ဖြတ်သွားသောစနစ်၊ အင်တာနက် giro ပေးချေမှုစနစ်(အင်တာနက်ဖြင့် www.giro.or.kr ☎1577-5500)သို့ ပေးသွင်းခြင်းသည် အဆင်ပြေလွယ်ကူပါသည်။ ထိုသို့ပေးချေပါက လစဉ် ဘဏ်သွားစရာမလိုဘဲ အလွယ်တကူ ဖုန်းဘေလ်ဖိုး ပေးသွင်းနိုင်ပါသည်။

  • SK broadband : ကုဒ်နံပါတ် မလိုဘဲ ☎106သို့ ဖုန်းဆက်ပြီး ကိုရီးယားဘာသာဖြင့် ဆွေးနွေးမှု လုပ်နိုင်ပြီး၊ ဝန်ထမ်းနှင့် ချိတ်ပြီးနောက် အင်္ဂလိပ်နှင့် တရုတ်ဘာသာဖြင့် ဆွေးနွေးမှု လုပ်နိုင်ပါသည်။
  • KT : ကုဒ်နံပါတ် မလိုဘဲ ☎100သို့ ဖုန်းဆက်ပြီး ကိုရီးယားဘာသာဖြင့် ဆွေးနွေးမှု လုပ်နိုင်ပြီး၊ ကုဒ်နံပါတ် မလိုဘဲ ☎1588-8448 KT နိုင်ငံခြားသား ကာစတန်မာစင်တာသို့ ဖုန်းဆက်ပြီး အင်္ဂလိပ်၊ တရုတ်ဘာသာနှင့် ဂျပန်ဘာသာစကားဖြင့် ဆွေးနွေးမှု လုပ်နိုင်ပါသည်။

(2)လက်ကိုင်ဖုန်း(ဟန်းဖုန်း)

နိုင်ငံခြားသား အများစုသည် အရစ်ကျစနစ်ဖြင့် ဖုန်း ဝယ်၍ မရဘဲ ငွေသားဖြင့် တစ်ခါတည်း ပေးချေပြီးမှသာ ဝယ်ယူနိုင်ပါသည်။ ထို့အပြင် နိုင်ငံခြားသားမှတ်ပုံတင် ရှိသောသူသည် မိမိ၏ အမည်ပေါက် ဖုန်းနံပါတ် ရနိုင်သော်လည်း နိုင်ငံခြားသားမှတ်ပုံတင် မရှိသောသူများအနေဖြင့် အမည်ပေါက် ဖုန်းနံပါတ် မရနိုင်ပါ။

အဓိက တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီများ

ဤသို့သော အခြေအနေတွင် ‘ကတ်ဖုန်း’ဟု ခေါ်သော ငွေကြိုထည့်ရသည့် ဖုန်းများကို အများစု အသုံးပြုကြပါသည်။ ဖုန်းဘေလ် ကြိုထည့်ထားသည့် ဖုန်းကတ်ကို ဝယ်ပြီး ဖုန်းထဲတွင် ကတ်နံပါတ် ရိုက်ထည့်ပြီး ၎င်းပမာဏအတိုင်း အသုံးပြုနိုင်ပါသည်။ ရိုးရိုးဖုန်းများနှင့် မတူဘဲ မန်ဘာဝင်ကြေး သို့မဟုတ် အခြေခံ ဘေလ်ကုန်ကျစရိတ် မရှိသော်လည်း ဖုန်းဘေလ်ဖိုးသည် အနည်းငယ် စျေးကြီးသည်ဟု ဆိုနိုင်ပါသည်။ ကတ်ဖုန်းကို ဆက်တိုက် အသုံးပြုလိုလျှင် တစ်လကို အနည်းဆုံး ဝမ် 10,000ဖိုး ဘေလ်ထည့်ရမှာ ဖြစ်ပြီး၊ ဖုန်းပြောခ ဝမ် 10,000 မပြည့်သော်ငြားလည်း နောက်လတွင် ကျန်ရှိနေသော ဖုန်းဘေလ်ကို ဆက်လက် အသုံးပြု၍ မရပါ။ လက်ကိုင်ဖုန်းစျေးနှုန်းများမှာ ပစ္စည်းပေါ်မူတည်ပြီး အမျိုးမျိုးရှိပါသည်။ နိုင်ငံခြားသားအလုပ်သမား အများစုရှိသည့် စက်ရုံအနီးနားရှိ ဆိုင်များနှင့် နိုင်ငံခြားသား စားသောက်ကုန်ဆိုင်၊ စာတိုက်(ဒေသအလိုက် ရောင်းချမှု ရှိမရှိ မတူကွဲပြားသည် ☎1588-1300 ဖုန်းဆက် မေးမြန်းရန်)၊ ဆက်သွယ်ရေးကုမ္ပဏီ ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။

သိရှိထားရန်!
ကြော်ငြာဖုန်း/ကြော်ငြာမက်ဆေ့

ဟန်းဖုန်း အသုံးပြုပြီဆိုလျှင် ကြော်ငြာဖုန်းများ၊ ကြော်ငြာမက်ဆေ့များ များစွာ ဝင်လာတတ်ပါသည်။ သို့ရာတွင် မိမိအတွက် လိုအပ်သော အကြောင်းအရာများ မဟုတ်ပါက လျစ်လျူရှုလိုက်ပါ။ သိချင်စိတ်ဖြင့် ဖုန်းဆက်မိရာမှ မမျှော်လင့်ထားသော ဘေလ်ဖိုးများ ပေးရခြင်း သို့မဟုတ် ကြီးမားသော နစ်နာဆုံးရှုံးမှုများ ကြုံရနိုင်သည့်အတွက် ဖြစ်ပါသည်။ အထူးသဖြင့် 18 အထက် ကြော်ငြာများ၊ 18 အထက် မက်ဆေ့များကို မစဉ်းစားမဆင်ခြင်ဘဲ ဖြေကြားမိရာမှ နစ်နာဆုံးရှုံးမှုများ ရှိလာနိုင်သည့်အတွက် သတိထားရပါမည်။

ဒေသကုဒ်နံပါတ်များ

ကိုရီးယားနိုင်ငံတွင်း ဒေသကုဒ်နံပါတ်များမှာ စုစုပေါင်း 17ခု ရှိပါသည်။ နေထိုင်သော ဒေသတွင်းမှ ခေါ်ဆိုလျှင် ဖုန်းနံပါတ်ကိုသာ နှိပ်လျှင် ရသော်လည်း၊ အခြား ဒေသသို့ ခေါ်ဆိုသည့်အခါများတွင် ဒေသကုဒ်နံပါတ်ကို အရင် နှိပ်ပြီးနောက် ဖုန်းနံပါတ်ကို နှိပ်ရပါမည်။ ဥပမာအားဖြင့် ဆိုးလ်မှ ဆိုးလ်သို့ ဖုန်းခေါ်ဆိုသည့်အခါ ဖုန်းနံပါတ်ကိုသာ နှိပ်ရမည် ဖြစ်ပြီး၊ ဆိုးလ်မှ ဘူဆန်သို့ ဖုန်းခေါ်ဆိုသည့်အခါတွင်မူ ဘူဆန်ကုဒ်နံပါတ် 051ကို အရင် နှိပ်ပြီးမှ ဖုန်းနံပါတ်ကို နှိပ်ရမည် ဖြစ်ပါသည်။

지역번호 표 : 지역, 번호를 포함한 표입니다.
ဒေသ ကုဒ်နံပါတ် ဒေသ ကုဒ်နံပါတ် ဒေသ ကုဒ်နံပါတ် ဒေသ ကုဒ်နံပါတ်
ဆိုးလ် 02 ဒယ်ဂျောင်း 042 ချွန်းဘု 043 ဂယောင်းနမ်း 055
ဘူဆန် 051 အူးလ်ဆန် 052 ချွန်းနမ်း 041 ဂျယ်ဂျူ 064
ဒယ်ဂူ 053 ဆယ်ဂျုံး 044 ဂျောင်းဘု 063
အင်ချွန်း 032 ဂယောင်ဂီ 031 ဂျောင်းနမ်း 061
ဂွမ်းဂျူ 062 ဂန်းဝန်း 033 ဂယောင်းဘု 054

(3)အများပြည်သူသုံး တယ်လီဖုန်း

အများပြည်သူသုံး တယ်လီဖုန်း အသုံးပြုလိုပါက အကြွေစေ့ သို့မဟုတ် ကတ် လိုအပ်ပါသည်။ အချိန်ကို သေချာ ရွေးနိုင်ရင် နိုင်ငံတကာဖုန်းခေါ်ဆိုမှုကို သက်သာစွာ အသုံးပြုနိုင်ပါသည်။ မြို့တွင်းဖုန်းခေါ်ဆိုခမှာ စက္ကန့် 180လျှင် ဝမ် 70ဖြစ်ပြီး၊ လက်ကိုင်ဖုန်းသည် 38မိနစ်လျှင် ဝမ် 70 ဖြစ်ပါသည်။

  • 공중전화(카드전화)
    < အများပြည်သူသုံး တယ်လီဖုန်း(ကတ်ဖုန်း) >
  • 공중전화(IC카드 및 동전 이용)
    < အများပြည်သူသုံး တယ်လီဖုန်း(ICကတ်နှင့် အကြွေစေ့သုံး) >

(4)အရေးပေါ်ဖုန်းနှင့် ဖုန်းလက်ခံသူမှ ကျခံသည့် ဖုန်းခေါ်ဆိုခြင်း

အများပြည်သူသုံး တယ်လီဖုန်း အားလုံးတွင် အရေးကြုံလာသည့်အခါ အသုံးပြုနိုင်သော အနီရောင်ခလုတ် ရှိပါသည်။ ကတ်နှင့် အကြွေစေ့ မရှိလျှင်လည်း ခလုတ်ကို နှိပ်လိုက်ရုံဖြင့် ရာဇဝတ်မှု တိုင်ကြားခြင်း၊ မီးလောင်မှု အကြောင်းကြားခြင်းများ လုပ်နိုင်ပြီး၊ ကူညီကယ်ဆယ်ရေး တောင်းဆိုမှုများ လုပ်နိုင်ပါသည်။ အောက်ပါတို့မှာ မဖြစ်မနေ ကျက်မှတ်ထားရမည့် အရေးပေါ်ဖုန်းနံပါတ်များ ဖြစ်ပါသည်။

ရာဇဝတ်မှု တိုင်ကြားရန် : အရေးပေါ်ခလုတ်+112၊ မီးလောင်မှု တိုင်ကြားရန် : အရေးပေါ်ခလုတ်+119

အကြွေစေ့ သို့မဟုတ် ကတ် မရှိသည့်အခါတွင်မူ ဖုန်းလက်ခံသူဘက်မှ ကျခံရသော ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသည်။ ဤဝန်ဆောင်မှုကို အသုံးပြုလျှင် ဖုန်းဘေလ်ဖိုးကို တစ်ဖက်သူဆီ တောင်းခံမည်ဖြစ်ပြီး၊ နှုန်းထားမှာ ရိုးရိုး ဖုန်းဘေလ်ဖိုးထက် အနည်းငယ် စျေးကြီးပါသည်။ အသုံးပြုနည်းမှာ ပြည်တွင်းဖုန်း ဖြစ်ပါက ‘အရေးပေါ်ခလုတ် +1541+ခေါ်ဆိုမည့် ဖုန်းနံပါတ်#’ ဖြစ်ပါသည်။

  • 긴급통화 버튼

(5)နိုင်ငံတကာဖုန်း

နိုင်ငံတကာဖုန်းခေါ်ဆိုမှုကတော့ အင်တာနက် သို့မဟုတ် နိုင်ငံခြားသားများအတွက် စျေးဆိုင်များ၊ အချို့သော 24နာရီ စတိုးဆိုင်များ စသည်တို့တွင် နိုင်ငံတကာဖုန်းခေါ်ဆိုမှုကတ်များ ဝယ်ယူပြီး အသုံးပြုခြင်းသည် ကုန်ကျစရိတ် သက်သာပါသည်။

ကိုရီးယား > ပြည်ပ
  • ရိုးရိုးဖုန်းသို့ ဖုန်းခေါ်ဆိုခြင်း
    • ကိုရီးယားမှ အမေရိကန် LA၏ နံပါတ် 123-4567သို့ ဖုန်းခေါ်ဆိုသည့်အခါ
    • နိုင်ငံတကာဖုန်းခေါ်ဆိုမှုဝန်ဆောင်မှု နံပါတ်
    • နိုင်ငံကုဒ်နံပါတ်(အမေရိကန်) 1
    • ဒေသကုဒ်နံပါတ်(LA) 213
    • ဖုန်းနံပါတ် 123-4567
  • လက်ကိုင်ဖုန်း အင်တာနက် ဖုန်းသို့ ဖုန်းခေါ်ဆိုခြင်း
    • ကိုရီးယားမှ ဂျပန်ရှိ လက်ကိုင်ဖုန်းနံပါတ် 080-123-4567သို့ ဖုန်းဆက်သည့်အခါ
    • နိုင်ငံတကာဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှု နံပါတ်
    • နိုင်ငံကုဒ်နံပါတ်(ဂျပန်) 81
    • လက်ကိုင်ဖုန်းနံပါတ် 80-123-4567
ပြည်ပ > ကိုရီးယား
  • ရိုးရိုးဖုန်းသို့ ဖုန်းခေါ်ဆိုခြင်း
    • ပြည်ပမှ ကိုရီးယားနိုင်ငံ ဆိုးလ် ဖုန်းနံပါတ် 123-4567သို့ ဖုန်းခေါ်ဆိုသည့်အခါ
    • နိုင်ငံတကာဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှု နံပါတ်
    • နိုင်ငံကုဒ်နံပါတ်(ကိုရီးယား) 82
    • ဒေသကုဒ်နံပါတ်(ဆိုးလ်) 2
    • ဖုန်းနံပါတ် 123-4567
  • လက်ကိုင်ဖုန်း အင်တာနက် ဖုန်းသို့ ဖုန်းခေါ်ဆိုခြင်း
    • ပြည်ပမှ ကိုရီးယား လက်ကိုင်ဖုန်း 010-123-4567သို့ ဖုန်းဆက်သည့်အခါ
    • နိုင်ငံတကာဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှု နံပါတ်
    • နိုင်ငံကုဒ်နံပါတ်(ကိုရီးယား) 82
    • လက်ကိုင်ဖုန်းနံပါတ် 10-123-4567
  • ဒေသကုဒ်နံပါတ်နှင့် ဖုန်းနံပါတ် ရှေ့၌ ‘0’ ပါရှိပါက ‘0’ ကို ဖယ်ပြီး နှိပ်ပါ။
သိရှိထားရန်!
နိုင်ငံတကာဖုန်းခေါ်ဆိုမှု မှန်မှန်ကန်ကန် အသုံးပြုခြင်း

နိုင်ငံတကာဖုန်းခေါ်ဆိုမှုသည် နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ဆက်သွယ်ပေးသော ဖုန်းဖြစ်ပါသည်။ ထို့အတွက်ကြောင့် ရိုးရိုး ပြည်တွင်းဖုန်းခေါ်ဆိုခထက် အဆမတန် စျေးကြီးပါသည်။ နိုင်ငံတကာဖုန်းခေါ်ဆိုမှုကို ညအချိန် သို့မဟုတ် အစိုးရရုံးပိတ်ရက်များ စသည့် စျေးလျှော့ပေးထားသော အချိန်များမှာ အသုံးပြုပါက ဖုန်းဘေလ်ဖိုး သက်သာပါသည်။ နိုင်ငံအလိုက်၊ ဆက်သွယ်ရေးကုမ္ပဏီအလိုက် ဖုန်းဘေလ်များ မတူနိုင်သည့်အတွက် ကြိုတင် လေ့လာပြီးမှ အသုံးပြုပါ။ ယခုနောက်ပိုင်း အင်တာနက်ဖုန်း သို့မဟုတ် နိုင်ငံတကာဖုန်းခေါ်ဆိုမှုကတ်ကို အသုံးပြုပြီး စျေးသက်သာသော နည်းလမ်းဖြင့် နိုင်ငံတကာဖုန်းခေါ်ဆိုမှုများကို လုပ်ဆောင်နိုင်ပြီ ဖြစ်ပါသည်။

국제전화 국제번호 : 국가, 국가번호를 포함한 표입니다.
နိုင်ငံ နိုင်ငံကုဒ်နံပါတ် နိုင်ငံ နိုင်ငံကုဒ်နံပါတ် နိုင်ငံ နိုင်ငံကုဒ်နံပါတ် နိုင်ငံ နိုင်ငံကုဒ်နံပါတ်
နိုင်ဂျီးရီးယား 234 ဗီယက်နမ် 84 အီရတ် 964 ကာဂျစ္စတန် 996
နီပေါ 977 ဘရာဇီး 55 အီရန် 98 ထိုင်း 66
ဂျာမနီ 49 ဆူဒန် 249 အီဂျစ် 20 တူရဂီ 90
လာအို 856 သီရိလင်္ကာ 94 အိန္ဒိယ 91 ပါကစ္စတန် 92
ရုရှား 7 ဆီးရီးယား 963 အင်ဒိုနီးရှား 62 ပီရူး 51
မလေးရှား 60 စင်ကာပူ 65 ဂျပန် 81 ဖိလစ်ပိုင် 63
မက္ကဆီကို 52 အာဂျင်တီးနား 54 တရုတ် 86 ဩစတြေးလျ 61
မွန်ဂို 976 အင်ဂိုလာ 244 ချီလီ 56 ဟောင်ကောင် 852
အမေရိကန်၊ ကနေဒါ 1 အီကွေဒေါ 593 ကာဇက်စတန်နိုင်ငံ 7
မြန်မာ 95 အင်္ဂလန် 44 ကမ္ဘောဒီးယား 855
ဘင်္ဂလားဒေ့ရှ် 880 ဥဇဘက်ကစ္စတန် 998 ကိုလံဘီယာ 57

(6)ကေဘယ်လ်ရုပ်သံလွှင့်ခြင်းနှင့် အင်တာနက်

ကိုရီးယားမှာတော့ ရေဒီယိုလှိုင်းရုပ်သံထုတ်လွှင့်ခြင်း(KBS, MBC, SBS)အပြင်၊ စုစည်းတင်ဆက်ရုပ်သံထုတ်လွှင့်ခြင်း၊ ကေဘယ်လ် TV၊ ဒေသန္တရ ကေဘယ်လ်ရုပ်သံထုတ်လွှင့်ခြင်း၊ ဂြိုလ်တုရုပ်သံထုတ်လွှင့်ခြင်း(Sky Life) စသဖြင့် အမျိုးအစားစုံလင်သော ချန်နယ်လ်များ ရှိပါသည်။ ယခုနောက်ပိုင်းတွင်မူ အင်တာနက် အခြေပြု IPTVများလည်း ထုတ်လွှင့်လာကြပြီဖြစ်ပါသည်။ ဒေသန္တရ ကေဘယ်လ် ရုပ်သံထုတ်လွှင့်ခြင်းနှင့် IPTV ကုမ္ပဏီများထဲမှ မြန်နှုန်းမြင့် အင်တာနက်လိုင်းများကိုပါ ဝန်ဆောင်မှု ပေးနေသော နေရာများလည်း ရှိပြီး၊ ကေဘယ်လ် ရုပ်သံထုတ်လွှင့်ခြင်းနှင့် အင်တာနက်ကို အတူတူ လျှောက်ပါက အခြား ကုမ္ပဏီများထက် သက်သာသော စျေးနှုန်းဖြင့် ဝန်ဆောင်မှုများ ပေးခြင်းများလည်း ရှိပါသည်။ ​
အင်တာနက်ပဲကိုသာ အသုံးပြုမည်ဆိုလျှင် ဆက်သွယ်ရေးကုမ္ပဏီပေါ် မူတည်ပြီး စျေးနှုန်းအနည်းငယ်စီ ကွာခြားသည့်အတွက် အသေးစိတ် နှိုင်းယှဉ်ကြည့်ပြီးနောက် လျှောက်သင့်ပါသည်။ အိမ်၌ အင်တာနက်လိုင်း ချိတ်ရန် အခက်အခဲရှိပါက လိုအပ်သည့်အချိန်တိုင်း PCဂိမ်းဆိုင်သို့ သွားပြီး အင်တာနက် အသုံးပြုနိုင်ပါသည်။ PCဂိမ်းဆိုင်များကို ပုံမှန်အားဖြင့် 24နာရီလုံး ဖွင့်ထားပြီး၊ 1နာရီလျှင် ဝမ် 1,500~2,000 ခန့်ရှိကာ၊ ဒေသအလိုက် အနည်းငယ် ကွာခြားနိုင်ပါသည်။​

09အမှိုက်ပစ်နည်း

အမှိုက်ပစ်သည့်အခါ အမျိုးအစားအလိုက်(ရိုးရိုးအမှိုက်၊ အစားအသောက်အမှိုက်၊ ပြန်လည်အသုံးပြုစွန့်ပစ်ပစ္စည်းများ စသဖြင့်) သတ်မှတ်ထားသည့် အိတ်ထဲ ထည့်ပြီး၊ သတ်မှတ် နေရာတွင် ပစ်ရပါသည်။ အမှိုက်ကို စည်းကမ်းမလိုက်နာဘဲ ဖြစ်သလို ပစ်ပါက အမှိုက်သိမ်းယူသွားမည် မဟုတ်ဘဲ၊ ဆိုးရွားပါက ဒဏ်ကြေးအထိပါ ပေးဆောင်ရနိုင်ပါသည်။

(1)ရိုးရိုးအမှိုက်

အစားအသောက်အမှိုက်နှင့် ပြန်လည်အသုံးပြုစွန့်ပစ်ပစ္စည်းများ စသည်တို့မှ လွဲ၍ ကျန်သည့် အမှိုက် အားလုံးကို ရိုးရိုးအမှိုက်အဖြစ် ခွဲပြီး သီးသန့်အမှိုက်အိတ်ထဲတွင် ထည့်ကာ ပစ်ရပါသည်။

သိရှိထားရန်!
အမှိုက်အိတ်

အမှိုက်အိတ်ကို နီးစပ်ရာ စူပါမားကတ်များ၊ ဒစ်စကောင့်martများတွင် ဝယ်ယူအသုံးပြုနိုင်ပါသည်။ ရပ်ကွက်အလိုက် ရိုးရိုးအမှိုက်အိတ်နှင့် အစားအသောက်အမှိုက်အိတ် အရောင်မတူသည့်အတွက် သေချာကြည့်ပြီး ဝယ်ရပါမည်။ ရိုးရိုးအမှိုက်အိတ်မှာ အရွယ်အစားအလိုက် 1,2,5,10,20,30,50,60,75,100လီတာသုံးအိတ်များ ရှိပြီး၊ ဒေသအလိုက် ရောင်းချပေးသော အိတ်အရွယ်အစားများ ကွဲနိုင်ပါသည်။ ရိုးရိုး အိမ်သုံးရန်အတွက် 10လီတာ သို့မဟုတ် 20လီတာ အိတ်များက သင့်တော်ပါသည်။ အစားအသောက်အမှိုက်အိတ်ကိုမူ မကြာခဏ ပစ်ရမည် ဖြစ်သည့်အတွက် 2~5လီတာခန့် သေးငယ်သော အိတ်များကို အသုံးပြုခြင်းက ကောင်းပါသည်။ ဒေသအလိုက် အစားအသောက်အမှိုက်ပုံးထဲ ပစ်ရသည့် အခြေအနေမျိုးလည်း ရှိသည့်အတွက် အိမ်နီးနားချင်းများထံ မေးကြည့်နိုင်ပါသည်။ အမှိုက်အိတ်များသည် ဒေသအလိုက် မတူသည့်အတွက် နေထိုင်ရာ ဒေသမတူပါက အသုံးပြုခွင့်မရှိပါ။

  • 쓰레기봉투

(2)အစားအသောက်အမှိုက်

ရေစစ်ပြီး အစားအသောက်အမှိုက် ထည့်ရန် သတ်မှတ်ထားသည့် အိတ်ထဲသို့ ထည့်၍ပစ်သည်ဖြစ်စေ နေထိုင်ရာ ဒေသပေါ်မူတည်ပြီး အစားအသောက်အမှိုက်ပုံးထဲ ပစ်ရပါမည်။ သို့သော် ဒေသအလိုက် အစားအသောက်အမှိုက် အလေးချိန်တိုင်းစနစ်(RFID)ကို ကျင့်သုံးလျက် ရှိပါသည်။

(3)ပြန်လည်အသုံးပြုစွန့်ပစ်ပစ္စည်း

ပြန်လည်အသုံးပြု၍ရသည့် ပစ္စည်းများအနေဖြင့် စက္ကူ၊ ပုလင်း၊ သံ၊ သံဗူး၊ ပလပ်စတစ်၊ ထုပ်ပိုးအိတ်(တြိဂံပုံစံ ပြန်လည်အသုံးပြုရန် သင်္ကေအတွင်း၌ PP, OTHER, LDPE စသဖြင့် အမျိုးအစားခွဲပြီး ပစ်ရန် ဖော်ပြထားမှသာ အကျုံးဝင်)၊ ပလပ်စတစ် အမျိုးအစားများ[ရေသန့်ဗူး၊ အပူအအေးထိန်းဖော့များ(EPS)၊, ထုပ်ပိုးပစ္စည်းသုံးဖော့(Styrofoam)၊ အခြားပေါင်းစပ်ဘူးများ(ယိုဂုရုထုဒိန်ချဥ်ဘူး၊ ဆပ်ပြာဘူး စသည်)] အစရှိသည်တို့ဖြစ်ကြပါသည်။ အချိုရည်ဗူးများ၊ သံဗူး စသည်တို့ကို ရေအခြောက်ခံပြီးနောက် အရွယ်သေးသွားအောင် လုပ်ပြီး စွန့်ပစ်ရပါသည်။

(4)အကြီးစားအမှိုက်များ

စွန့်ပစ်ပရိဘောဂများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများကဲ့သို့ အရွယ်အစား ကြီးမားသော အမှိုက်များကို ရပ်ကွက်ပြည်သူ့စင်တာမှ စတစ်ကာ ဝယ်ကပ်ပြီး အိမ်ရှေ့တွင် ထုတ်ပေးထားရပါသည်။ စတစ်ကာ တန်ဖိုးသည် ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီး ကွာပါသည်။ ဒေသအလိုက် စတစ်ကာကို သတ်မှတ်အရောင်းနေရာ(စူပါမားကတ် စသည်)တို့တွင် ရောင်းချပေးခြင်းများလည်း ရှိပါသည်။ တိုက်ခန်းဖြစ်ပါက လုံခြုံရေးရုံးကို အခကြေးငွေ ပေးချေထားပါက ကိုယ်စား ပစ်ပေးခြင်းမျိုးလည်း ရှိပါသည်။

အင်တာနက်ဖြင့် လျှောက်ထားပြီး စွန့်ပစ်ခြင်း

အင်တာနက်ဖြင့် လျှောက်ထား(မြို့နယ် ဟုန်းပေ့ချ်)ပြီး စတစ်ကာ ဝယ်ယူနိုင်ပါသည်။

10မီးဘေး ဘေးကင်းရေး

(1)119 အရေးပေါ် တိုင်ကြားခြင်း

အရေးပေါ်ဆိုတာ ဘာလဲ။ အရေးပေါ်ဆိုသည်မှာ မီးလောင်ခြင်း၊ ထိခိုက်ဒဏ်ရာ သို့မဟုတ် ရုတ်တရက် နာမကျန်းဖြစ်ခြင်းတို့ကို ရည်ညွှန်းပါသည်။ ဤဖြစ်ရပ်များ ဖြစ်ပွားပါက 119 သို့ ဖုန်းဆက်ပါ။ ၎င်းတို့က သင့်ဖုန်းခေါ်ဆိုမှုကို တစ်နေ့လျှင် 24 နာရီပတ်လုံး လက်ခံဖြေဆိုကာ မီးဘေးတုံ့ပြန်ဖြေရှင်းသူများကို စေလွှတ်ပေးပါသည်။

အရေးပေါ် တိုင်ကြားမှုတစ်ခု ပြုလုပ်ပုံ
  • (ဖုန်း) သင့်ဆဲလ်ဖုန်း သို့မဟုတ် ကြိုးဖုန်းတွင် 119 ကိုနှိပ်ကာ call ခလုတ်ကိုနှိပ်ပါ။
  • (စာသား) 119 သို့ စာသားမက်ဆေ့ဂျ်တစ်ခု ပေးပို့ပါ။
  • (စမတ်ဖုန်းအက်ပ်) 119 Report အက်ပ်ကိုထည့်သွင်းကာ အက်ပ်ကိုအသုံးပြု၍ တိုင်ကြားမှုတစ်ခု ပြုလုပ်ပါ။
တိုင်ကြားသည့်အခါတွင် သတိပြုစရာများ
  • ဖြစ်ပွားသော မတော်တဆမှု အမျိုးအစားကို ပြောပြပါ (ဥပမာ “There's a fire”၊ “Someone is injured”)။
  • တည်နေရာ အတိအကျကို ပြောပြပါ (လိပ်စာ၊ အဆောက်အဦးအမည်၊ အထပ်နံပါတ်၊ အနီးအနားရှိ မြင်လွယ်သော စတိုးဆိုင်များ အစရှိသည်)။
  • လက်ရှိအခြေအနေကို ရှင်းပြပါ (မီးလောင်မှု အခြေအနေ၊ လူနာ၏ အခြေအနေ အစရှိသည်)။
  • 119 အော်ပရေတာ၏ လမ်းညွှန်ချက်များ (ရှေးဦးသူနာပြုစုခြင်း အစရှိသည်) ကို လိုက်နာပါ။ ဖုန်းမချလိုက်ပါနှင့်။

(2)မီးလောင်ပါက ရှောင်တိမ်းရမည့်နည်းလမ်း

  • မီးတောက် သို့မဟုတ် မီးခိုးကို မြင်ပါက “Fire!” ဟုအော်ကာ မီးနှင့်ဝေးရာသို့ သွားပါ။
  • သင့်နှာခေါင်းနှင့် ပါးစပ်တို့ကို အဝတ်အစိုဖြင့် ဖုံးအုပ်ကာ ခန္ဓာကိုယ်ကိုငုံ့၍ အလျင်အမြန် ရှောင်တိမ်းပါ။
  • ဓာတ်လှေကားများ အသုံးပြုခြင်းကို လုံးဝတားမြစ်ထားပါသည်။ အောက်ထပ်သို့ဆင်းရန်၊ ခေါင်မိုးပေါ်သို့တက်ရန် သို့မဟုတ် မီးဘေးရှောင်တိမ်းရေး အထပ်သို့သွားရောက်ရန် အရေးပေါ်လှေကားများကို အသုံးပြုပါ။ (ပြတင်းပေါက် အပြင်ဘက်တွင် မီးခိုးများ တက်လာသည်ကို မြင်ရပါက ခေါင်မိုးပေါ်သို့ တိမ်းရှောင်ပါ။ ယင်းသို့မတွေ့ရပါက အောက်ထပ်သို့ တိမ်းရှောင်ပါ။)
  • ဘေးကင်းသော နေရာတစ်ခုသို့ရောက်လျှင် 119 သို့ တိုင်ကြားကာ ရှောင်တိမ်းလာသူ အရေအတွက်ကို စစ်ဆေးပါ။
  • သို့ရာတွင် တိုက်ခန်းများတွင် နေထိုင်သူဖြစ်ပါက မီးလောင်မှုသည် သင့်အိမ်တွင် စတင်သည်မဟုတ်လျှင်နှင့် အပူ/မီးခိုး ဝင်ရောက်ခြင်း မရှိလျှင် အတွင်း၌သာနေကာ မီးသတ်သမားများ၏ လမ်းညွှန်ချက်များကို လိုက်နာပါ။
  • နိုင်ငံလုံးဆိုင်ရာ မီးသတ်အေဂျင်စီ (National Fire Agency) ဝဘ်ဆိုက်တွင် နောက်ထပ် ဘေးကင်းရေး အချက်အလက်များကို တွေ့နိုင်ပါသည် : nfa.go.kr/nfa/safetyinfo/lifesafety/0001/

(3)မီးဘေး ဘေးကင်းရေး ပညာပေး အချက်အလက်

နိုင်ငံတစ်ဝန်းတွင် ဘေးကင်းရေး ပညာပေးမှုကို အခမဲ့ပေးသည့် 119 ဘေးကင်းရေး အတွေ့အကြုံစင်တာများ (119 Safety Experience Centers) နှင့် မီးသတ်ဌာန 242 ခု ရှိပါသည်။ အတွေ့အကြုံစင်တာ တစ်ခုစီတွင် အထူးအတွေ့အကြုံဆိုင်ရာ အသုံးအဆောင်များ (လေကြောင်း၊ သင်္ဘော၊ ရေထဲတွင်ကစားခြင်း၊ လူအုပ်အလွန်ထူထပ်သော အခြေအနေများ အစရှိသည်) ရှိပါသည်။ ထို့ကြောင့် အတွေ့အကြုံတွင် မည်သည့်အသုံးအဆောင်များ ရှိသည်ကို စုံစမ်းကာ ဖုန်း သို့မဟုတ် စင်တာ၏ဝဘ်ဆိုက်တွင် ကြိုတင်၍ စာရင်းပေးသွင်းပါ။

  • အခြားသော မီးဘေး ဘေးကင်းရေးသင်တန်းများနှင့် ဘေးကင်းရေးအတွေ့အကြုံ ရွှေ့လျားထရပ်ကားများအတွက် သင့်ဒေသတွင်းရှိ မီးသတ်ဌာနတွင် စုံစမ်းပေးပါ။
အရင်းအမြစ်
အဆိုပါ လမ်းညွှန်စာအုပ်သည် “ဂုံးဂုံးနူရီ ပုံစံ 4 : အရင်းအမြစ်ဖော်ပြရန်+ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မပြုရ+ပြောင်းလဲဖော်ပြခြင်း မပြုရ” သတ်မှတ်ချက်များပေါ် မူတည်ပြီး အသုံးပြုနိုင်ပါသည်။